(Unicode)
ကုဝေရဲ့ ကွန်ဒိုကိုရောက်သွားတော့ ရိပေါ်က မသိမသာအကဲခတ်ကြည့်နေလိုက်သည်။
မြင်ရသလောက် နေရာတိုင်းဟာ သန့်ရှင်းပြီး ပစ္စည်းတွေကလည်း စနစ်တကျအစီအရီပါပဲ။ အပေါ်ထပ်ကိုချွတ်လို့ လက်ကအနားစကိုခေါက်တင်ပြီး အေပရွန်ကိုဝတ်နေတဲ့ ဒေါက်တာကု။ ဂျူတီကုတ်အစား အေပရွန်နဲ့တောင် ကြည့်ကောင်းနေသည်။
" ရိပေါ်က ဘာကြိုက်တတ်လဲ။ ကြိုက်တာပြော ကိုယ်ချက်ကျွေးမယ် "
ကုဝေက ပြောလည်းပြော လက်ကလည်း ဝယ်လာတဲ့အသားငါးတွေ ဟင်းသီးဟင်းရွက်တွေကို ရေဆေးဖို့ လုပ်နေသည်။
" ဘာနေနေစားတယ်။ ကျွန်တော်ကချေးမများဘူး "
" ဒါဆို ကိုယ့်လက်စွမ်းပြရတော့မလား "
ကုဝေက သဘောတကျနဲ့ပြုံးရယ်လေသည်။ ဒီနေ့ ကားလမ်းတွေပိတ်တာတောင် ကံကောင်းတယ်လို့ဆိုရမည်။ အခုဆို ရိပေါ်က သူ့အိမ်ထဲမှာတောင်ရောက်နေပြီ။
" မတည့်တာရောရှိလား "
" မတည့်တာတော့ မရှိဘူး ..... ဒါနဲ့ ကျွန်တော်လည်း ကူညီမယ်လေ "
"ရိပေါ်က ထိုင်နေပါ ကိုယ်ချက်ကျွေးတာကိုပဲအသင့်စားဟုတ်ပြီလား "
ဒါပေမယ့်လည်း ရိပေါ်က အဲ့လိုကြီးမနေတတ်ပါ။ သူများအိမ်လာပြီး အခန့်သားထိုင်စားနေရအောင် အားနာမှုမရှိလွန်းတာဟုခံစားရသောကြောင့်ပင်။
" အေပရွန်ပေးပါလား။ ကျွန်တော်ပါ အသားတွေကူဆေးပေးမယ်လေ "
ရိပေါ်ကလည်း တက်ကြွနေတာကြောင့် ကုဝေလည်း ဆက်မငြင်းတော့ပဲ အေပရွန်အပိုတစ်ထည်ကို ဘီရိုထဲက ထုတ်လိုက်သည်။
ထို့နောက် ကုဝေကိုယ်တိုင်ဝတ်ပေးလိုက်တော့ ရိပေါ်လည်း ငြိမ်ငြိမ်လေးရပ်နေမိ၏။
ကိုယ့်ဟာကိုယ်ဝတ်လည်းရရဲ့သားနဲ့ သက်သက် ဝတ်ပေးတာဆိုတော့ ဘာပြောရမှန်းမသိပေ။
အသားဆေးရင်းနဲ့မှ အကျီလက်ကလျှောလျှောကျလာတော့ ကုဝေက ရိပေါ်လက်တွေကို ဆွဲယူကာ အကျီလက်နားစကိုခေါက်ပေးသည်။ ရိပေါ်လက်ကလည်း အသားဆေးထားတာဆိုတော့ အကျီကိုကိုင်လိုက်ရင် အနံ့တွေစွဲသွားမှာစိုးလို့ဟူသောအကြောင်းပြချက်ဖြင့်။