ဤသို့ဖြင့် သူငယ်ချင်းလေးဖော်ရန်ကုန်သို့ခရီးဆက်ခဲ့ကြလေသည်။ရန်ကုန်ဟူသည်ကား အများသိကြသည့်အတိုင်း ခေတ်မှီဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အစစအရာရာဈေးကြီးသည်ဟုမြေလတ်ကသိထားကြလေသည်။ထို့ပြင် ရန်ကုန်နှင့်ပတ်သတ်၍ သီချင်းလေးတစ်ပုဒ်ပင်ရှိခဲ့ဖူးလေသည်။"အောက်ပြည်အောက်ရွာဆိုတာ လူညာတွေပေါလေသတဲ့ မကြုံဖူးလို့မယုံဘူးမောင်ရယ်"ဟူသော သီချင်းစာသားလေးမှာ ရန်ကုန်ဟူသောအငွေ့အသက်ကပါနေလေသည်။လျှင်သူစားစတမ်းခေတ်ကာလတွင် ထုံထိုင်းမှုန်မှိုင်းကာတိုးတက်အောင်မကြိုးစားလျှင် ရန်ကုန်တွင်ခြေချရန်မပြောနှင့်ကျောတစ်ပြင်စာအိပ်ရာပင်မပိုင်ဆိုင်နိုင်ပေ။
မြေလတ်မှလူများက အလွန်တရာကြီးကျယ်ခမ်းနားသည်ဟုထင်သောရန်ကုန်သည်ကား ကားသံလူသံဟွန်းသံတို့ဖြင့်မိုးလင်းမိုးချုပ်ကြွက်ကြွက်ညံနေပြီး မြို့ပြဆန်လှသည်။ထိုနေရာသို့ပြောင်းရွေ့ကျက်စားလာသောငှက်ကလေးများသည် Busကားဂိတ် ဈေး ဘုရားဆောင်းတန်း လူစည်ကားသည့်ပွဲတော်များပါမကျန်ကျက်စားလာကြသည်။သူများအိတ်ထဲကပိုက်ဆံ ကိုယ့်အိတ်ထဲရောက်အောင်လုပ်ရသည်မှာမလွယ်သည့်အပြင် မတော်လျှင်ထောင်တံခါးကိုခေါက်မိမည့်အဖြစ်ဖြင့်ယှဉ်တွဲလုပ်ကိုင်နေကြရသည်။ရန်ကုန်တွင်လည်းသူ့လမ်းကြောင်းကိုယ့်လမ်းကြောင်းခွဲကာအလုပ်လုပ်ကြသည်။
သို့သော်နှစ်ယောက်တစ်တွဲတွဲကာအလုပ်လုပ်ကြသည်။တစ်ယောက်နှင့်တစ်ယောက်မှာခပ်ခွာခွာလိုက်၍အလုပ်လုပ်ကြလေသည်။ရှေ့တစ်ယောက်ကအာရုံများအောင်ဖန်တီးစဉ်နောက်လူမှအသာလှုပ်ရှားခြင်းမျိုးကိုသုံးကာအလုပ်လုပ်ကြလေသည်။သံသာနှင့်ရောင်စဉ်မှာတစ်ဖွဲ့ဖြစ်ပြီး ဆောင်းဦးနှင့်၀သုန်ကတစ်ဖွဲ့ဖြစ်သည်။သံသာနှင့်ရောင်စဉ်မှာကန်တော်ကြီးထဲတွင်အလုပ်လုပ်ရန်တိုင်ပင်ပြီး ဟိုကြည့်ဒီကြည့်ဖြင့်ပစ်မှတ်ကိုတွေ့လျှင်ထုံးစံအတိုင်းလှုပ်ရှားလိုက်ရန်စီစဥ်ခဲ့သည်။သို့ရာတွင် ကန်တော်ကြီးအရောက် သံသာက Toiletသွားချင်သည်ဆို၍ စောင့်နေစဉ်ပစ်မှတ်ကိုတွေ့တော့သည်။သံသာမပါလည်း မိမိတစ်ယောက်တည်းဖြစ်အောင်ကြိုးစားမည်ဟုတွေးကာ ထလှုပ်ရှားလိုက်သည်။