နော်နီနော်နဲ့အိမ်လေးအတွင်းမှ ခပ်ကျဉ်းကျဉ်းအခန်းထဲတွင်ပက်လက်အနေအထားဖြင့်အိပ်မောကျနေသောကောင်မလေးတစ်ယောက်ရှိလေသည်။ဆံပင်တို့မှာယိုရွဲနေပြီး စောင်မှာအပေါ်ပိုင်းကိုသာခြုံမိပြီး အောက်ပိုင်းမှခြေနှစ်ဖက်ကစောင်အပြင်ထွက်နေလေသည်။လက်နှစ်ဖက်မှာလည်းဘေးတစ်ဖက်တစ်ချက်စီသို့ကားထားပြီး ခြေထောက်နှစ်ဖက်မှာလည်းထိုကဲ့သို့ပင်။ခြေကားယားလက်ကားယားအိပ်တတ်သူဖြစ်ရပေမည်။
ထိုအခန်းလေးထဲသို့ ကောင်မလေးသုံးယောက်၀င်လာပြီး အိပ်နေသောကောင်မလေးအားနှိုးလေသည်။စောင်ကိုလှန်သူကလှန် အသံပြဲကြီးနှင့်နားနားကပ်အော်သူကအော် ကြမ်းပြင်ကိုအသံမြည်စေရန် ခေါက်တုံ့ခေါက်ပြန်တမင်နင်းသည့်သူကနင်းနှင့် မနက်ခင်း၏အိပ်ရာထချိန်မှာဆူညံပွက်လောရိုက်နေတော့သည်။ဆူညံပွက်လောရိုက်နေသဖြင့် အိပ်နေသည့်ကောင်မလေးကဒေါသတကြီးထလာကာ -
"နားငြီးလိုက်တာ တော်ပါတော့ ထမယ် ထမယ်"
"၀သုန်ငါ့စောင်မလှန်နဲ့တော့"
"ဆောင်းဦး နင်လည်းတော်ရုံလျှောက်ကြမ်းပြိုတော့မယ်"
"လော်စပီကာသေပြီး၀င်စားတဲ့ သံသာဉီး နင့်အသံဆိုးကြီးကိုလည်းပိတ်လိုက်တော့"
"မနက်ခင်းအိပ်ရေး၀၀အိပ်ရမယ်မရှိဘူး တကယ့်ဟာမတွေ"
"ခိုးဆိုးလုနှိုက်အကုသိုလ်ရာဇာ ရောင်စဉ်လှိုင်းရေ လူတွေမနက်စာစားချိန်ရောက်ပြီလို့လာပြောတာ"
(၀သုန်)"ဂုဏ်ပုဒ်တွေကလည်း များတာ"
(ရောင်စဉ်)"စိတ်ပိန်လိုက်တာဒီကောင်မတွေနဲ့တော့ တိုးတိုးပြောကြပါ ကိုယ်ကလုပ်နေတာဥပဒေနဲ့မကင်းဘူး ပြောလိုက်ရင်အသံပြဲတွေနဲ့ ကောင်မတွေနင်တို့မုန့်လက်ကောက်စားချင်နေတာလား"
(ဆောင်းဦး)"ဟဲ့ နယ်လှည့်ပြီးခါးပိုက်နှိုက်အလစ်သုတ်လာတာငါတို့တစ်သက်ပဲ နင်ကခုမှဘာသွေးကြောင်နေတာလဲ"
(သံသာဦး)
"သတိကပ်နေဖို့ပြောတာအရူးရဲ့ ဒီဦးနှောက်သံချေးတက်နေတဲ့ဟာမကြီးရဲ့"
(ဆောင်းဦးက သံသာခေါင်းကိုလက်ညှိုးနှင့်တွန်းလျက်)