Episode - 14
ဤသို့ဖြင့်ရောင်စဉ်လည်းတံခွန်နှင့်အတူမင်းသား၏မဟေသီအဖြစ်နှစ်ယောက်တစ်ဘ၀တည်ထောင်ကြလေသည်။အိမ်ထောင်ရေးသည် ခြောက်လလောက်သာသာယာဖြောင့်ဖြူးခဲ့ပါသည်။တံခွန်သည် ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်ပီပီ မင်းသမီးပေါင်းစုံနှင့်နာမည်ထွက်သည်။ရောင်စဉ်နားထဲသတင်းမျိုးစုံရောက်သော်လည်းစုံစမ်းနေလျှင်လည်းစိတ်ဆင်းရဲရုံမှလွဲလျှင် အခြားဘာမှမရှ်ိနိုင်ကြောင်းသိ၍ မျက်နှာလွှဲထားခဲ့သည်။ယောက္ခမမှာလည်းရောင်စဉ်ကိုဆွေမရှိမျိုးမရှိမှန်းသိ၍ နှိမ်ခဲ့သည်။ကြားထဲတွင် ကလေးမရနိုင်၍ အပြစ်ရှာပြီးလူကြားသူကြားထဲတွင်ဆိုပိုဆိုးလေသည်။ရောင်စဉ်ရွေးချယ်ခဲ့ပြီး၍ လက်လွန်သောရွေးချယ်မှုအတွက် တတ်နိုင်သမျှသည်းခံခဲ့သည်။
"ရောင်စဉ် လာစမ်း"
"ငါ့ကျောကုတ်ပေးစမ်း ပြီးရင်နောက်ဖေးကပန်းကန်တွေသွားဆေး"
"ဟုတ်ကဲ့အမေ"
"ဆေးကြောပြီးရင် အ၀တ်တွေလျှော်ဦး မီးပူတိုက်တာလည်းတွန့်ကြေနေတာပဲ ငါ့သားအင်္ကျီကြည့်ရတာ"
တစ်မျိုးပြီးတစ်မျိုးခိုင်းနေသောယောက္ခမကိုသည်းခံရင်း အိမ်ထောင်နွံထဲတွင်နစ်နေကာ ဒေါ်မြဧကရီဆီသို့မသွားနိုင်ခဲ့သည်မှာ ခြောက်လကျော်ခဲ့ပြီ။မကြာခဏသွားချင်စိတ်ဖြစ်ပေါ်ခဲ့သော်လည်း အိမ်မှုကိစ္စများကြားတွင်ခေါင်းမဖော်နိုင်ခဲ့ပါ။မင်းသားမဟေသီဖြစ်၍ ကျော့ကျော့ကော့ကော့နေရသည့်အခါနည်းလှသည်။အိမ်ဖော်တစ်ယောက်ကဲ့သို့ မရပ်မနားအလုပ်လုပ်ရလေသည်။ခံစားရသမျှကိုချရေးရသည့်ဒိုင်ယာရီဟူသော စိတ်ထွက်ပေါက်ကို အိမ်ထောင်သည်ဘ၀တွင်လုပ်ဖြစ်ခဲ့သည်။လူရှေ့သူရှေ့တွင်ရေငုံနှုတ်ပိတ်၍ အဆင်ပြေဟန်ဆောင်နေသော်လည်း ညဘက်လူခြေတိတ်လျှင် အိပ်ရာဘေးမှမီးအိမ်ကလေးကိုဖွင့်ကာ တစ်နေ့တာပင်ပန်းမှုတို့ကိုဖွင့်ချတတ်သည်။အချစ်မပါပဲတည်ဆောက်ခဲ့သောအိမ်ထောင်ရေးမှာ ခဏတာပင်။ရေရှည်တွင်စိတ်ဆင်းရဲရမှန်းသိလေလေ သူမစကားကိုနားမထောင်ခဲ့သည်ကိုတွေးရင်း ၀မ်းနည်းမိသည်။မွန်းကြပ်လွန်း၍ငိုချင်မိသည့်အချိန်တိုင်း သူမမျက်နှာကိုသာရောင်စဉ်ပြေးမြင်မိသည်မှာကြာခဲ့ပြီ။ကာယကံရှင်ဒေါ်မြဧကရီရော မည်သို့များနေထိုင်နေပါမည်နည်း.......။