မိုးကုတ်စက်ဝိုင်းနှင့်မြေပြင်ထိစပ်ရာတွင် ပင်လယ်ဟူသောအပြာရောင်ရေပြင်ကျယ်ကြီးရှိကာ တစ်ခါတစ်ရံမိုးသက်လေပြင်းများနှင့်အတူ လှိုင်းတံပိုးများလည်းရိုက်ခတ်၍ ကြောက်မက်ဖွယ်အင်္ဂါရပ်တို့ရှိသည်။နေသာသောနေ့ရက်များ၌ပူပြင်းသောနေရောင်အောက်တွင် အပြာရောင်ရေပြင်ကျယ်ကြီးမှာ နေရောင်ကြောင့်တလက်လက်ထနေသည့်အသွင်ဖြင့် နှစ်လိုဖွယ်အင်္ဂါရပ်ဖြင့်တည်ရှိပြန်သည်။ပင်လယ်ပြင်ကိုကျော်၍ တိုက်ခတ်လာသောလေညှင်းတို့ကမျက်နှာသို့ထိသွားတိုင်းအေးမြမှုကိုခံစားရသည်။
အချို့ကပင်လယ်တွင်သာရနိုင်သောပင်လယ်စာများဖြစ်သည့် ကျောက်ပုစွန်ကင် ဂဏန်းကင် အုန်းရည်တို့ကိုမြည်းစမ်းကြရင်းပင်လယ်အရသာကိုခံစားကြသည်။အချို့ကရေပြင်ကျယ်ကြီးထဲသို့အဖွဲ့လိုက်ရေကူးခြင်း ဘောကွင်းများဖြင့်ရေကစားကြခြင်းဖြင့် ပင်လယ်သို့ရောက်ရှိခြင်းဟူသောအရသာကိုတစ်မျိုးတစ်ဖုံခံစားကြသည်။ပင်လယ်သည်လူတိုင်းကိုနွေးထွေးပျုဌာစွာကြိုဆိုနေသည်။မည်သည့်အကြောင်းပြချက်နှင့်လာသည်ဖြစ်စေ သူ၏အလှတရားတို့အားအစွမ်းကုန်ဖွင့်လှစ်ပြသကာ စိတ်ကြည်နူးစေပြီးစိတ်အပန်းပြေစေသည်။
ရောင်စဉ်တို့အားလုံးအလုပ်နားကာချောင်းသာသို့အပျော်ခရီးထွက်လာသောနေ့ဖြစ်သည်။ရာသီဥတုမှာသာယာ၍ တည်းနေသောအသိအိမ်မှ ကမ်းခြေဘက်သို့လေးယောက်သားလမ်းလျှောက်ထွက်ခဲ့ကြသည်။ကမ်းခြေတစ်လျှောက်သွားလာနေကြသောခရီးသွားဧည့်သည်များ အုန်းပင်ကြီးများ၏ဘယ်ညာယိမ်းနွဲ့ကာလေပြေညှင်း၏ထိတွေ့မှုကိုပြသနေမှုများ ညနေပိုင်းနေအေးချိန်ဖြစ်၍ ခရုကောက်နေကြသူများ ပုစွန်ကင်ဂဏန်းကင်ရောင်းနေသောခေါင်းရွက်ဈေးသည်များကို တွေ့ရလေသည်။ပင်လယ်ဘက်သို့မျှော်ကြည့်လျှင်လည်း တရိပ်ရိပ်တက်လာ၍ကမ်းစပ်ကိုရိုက်ခတ်နေသောလှိုင်းများကိုမြင်ရသည်။
ရောင်စဉ်ကမ်းခြေကိုကြည့်လိုက်လမ်းကိုကြည့်လိုက်လုပ်ရင်း ကမ်းခြေအလှအပကိုခံစားနေသည်။ကျန်သုံးယောက်ကလည်းသူ့အတွေးနှင့်သူရှိဟန်ပင် တိတ်ဆိတ်စွာလျှောက်လာခဲ့ကြသည်။သို့ရာတွင်တိတ်ဆိတ်မှုကို ဖျက်ဆီးလိုက်သူက ဆောင်းဦး။ဆောင်းဦးကတစ်စုံတစ်ရာကိုတွေ့၍ ရောင်စဉ်ပုခုံးကိုလှမ်းရိုက်လိုက်လေသည်။