လစန္ဒာသည် လောကတခွင်ကို ရောင်ခြည်ဖျော့ဖျော့ ဖြင့် အလင်းပေးလျက်ရှိနေသည်။
ပတ်ဝန်းကျင်တွင်လည်း သဘာဝအလျောက် ထွက်ပေါ်နေသည့် လေတိုက်သံ၊ သစ်ကိုင်းတို့ လှုပ် ရှားသံက လွဲ၍ မည့်သည့် ဆူညံသံမျှ မရှိ။
ကောင်းကင်မှ အလင်း မှိန်ဖျော့ဖျော့ တို့သည်လည်း နန်းဆောင်တစ်ခု အတွင်းသို့ ကျရောက် လျက်ရှိသည်။
ထိုမျှသာမက နန်းဆောင်တစ်ခုလုံးတွင် လည်း ဖယောင်းတိုင်ရောင်စုံ တို့ဖြင့် ထွန်းလင်း ထားသေးသည်။
အနီရောင်ဖဲကြိုး ၊ဇာခြည်မျှင်တို့ ဖြင့် တန်ဆာဆင်ထားသည့် မင်္ဂလာ ခုတင်သည် နန်းဆောင်၏ အလယ်တွင် တည်ရှိနေ၏။
ကြက်သွေးရောင် နှင်းဆီ ပွင့်ဖတ် နုနုတို့သည်လည်း နူးညံ့လှသည့် ပိုးဖဲမွေ့ယာ ပေါ်တွင် အစီအရီ နေရာယူထားကြသည်။
တန်ဖိုးကြီး အမွှေးနံ့သာ တိုင်မှ ထွက်ပေါ်လာသော စန္ဒကူး နံ့ သင်းသင်းသည်လည်း နှစ်လို ဖွယ်ရာ ကောင်းလှ၏။
မင်္ဂလာ ကုတင်ပေါ်တွင်တော့ ထိုင်နေသည့် လူရိပ်လေးတစ်ခုကို တွေ့မြင်နိုင်ပါသည်။
အရိပ်လေး၏ အမည်နာမ သည် အမျိုးမျိုး ပြောင်းလဲခဲ့ဖူးသည်။
ပထမ ကနဦးအစ လွန်ခဲ့သော ဆယ်စုနှစ်တစ်စုကတော့ 'မင်းသား ဝမ်ရှောင်းကျန့်'ဟု မျိုးရိုးနာမည်ဖြင့် အရိပ်လေးကို လူအများက တလေးတစား ခေါ်ဆိုကြခဲ့သည်။
အချိန်ကြာလာတော့ 'အိမ်ရှေ့စံ ရှောင်းကျန့်' ဟူသော နာမတော် တစ်ခုကို အရိပ်လေးက ရရှိခဲ့ပြန်သည်။
ထိုစဥ် ချိန်ခါကတော့ အရိပ်လေး၏ တောက်ပခဲ့သော အချိန်ဟု ဆိုနိုင်ပေလိမ့်မည်။
မကြာမီက အသစ် ရရှိခဲ့သည့် အရိပ်လေး၏ နာမတော်ကတော့ 'ရှောင်းကျန့်'တဲ့။ ဘာမျိုးရိုး နာမည်မှ မပါတော့ဘူး။ အရိပ်လေး၏ ယခင်က ရရှိခဲ့သည့် လေးစားမှုတွေ၊ ရိုသေမှုတွေ အားလုံးဟာလည်း အထင်မြင်သေးမှု ဆိုသည့် အရာနှင့် အစားထိုးခံလိုက်ရပြီ။
ဘဝတစ်လျှောက်လုံး ထိန်းသိမ်းလာခဲ့သော သိက္ခာတရားဆိုသည်မှာလည်း ယခုဆို ဘယ်စီမှာလဲ မသိ။
