>> Unicode <<
~~~~~~~~~~~~" လက်ဖက်အသားသွားဝယ်ပေးဦး သံလွင် ၊ မနက်ကျ ထမင်းချိုင့်ကို လက်ဖက်ထမင်းထည့်သွားမလို့ "
ဇာတ်လမ်းတွဲထဲစိတ်ဝင်စားနေတဲ့အချိန်မှ လာခိုင်း၍ သံလွင် နည်းနည်းတော့စိတ်ညစ်သွားသည်။ ခဏစောင့်လို့ပြောရင်လည်း အချိန်ဆွဲတယ်ဆိုပြီး တဗျစ်တောက်တောက်ဆူပူနေဦးမှာ။ အပြစ်မရှိတဲ့ခေါင်းကိုသာ တဗြင်းဗြင်းကုပ်ရင်း အစ်မဖြစ်သူပေးနေတဲ့ပိုက်ဆံကိုယူပြီး TV ရှေ့မှထထွက်လာရတော့သည်။
ညကိုးနာရီဆိုတဲ့အချိန်ဟာ နောက်ကျလွန်းတယ်မဆိုသာပေမဲ့ သူတို့ရဲ့ရပ်ကွက်လမ်းလေးမှာတော့ လူရှင်းနေပြီဖြစ်သည်။ မီးတိုင်ဝါများအောက် တိတ်ဆိတ်နေတဲ့လမ်းသွယ်လေးထဲ သံလွင်တစ်ယောက်တည်း သီချင်းတစ်ပုဒ်ကိုခပ်တိုးတိုးညည်းရင်း ဖြည်းဖြည်းမှန်မှန်လျှောက်လာသည်။
" သစ်ရိပ်ဝါးရိပ်ရောက်သလို... မင်းရဲ့မျက်နှာမြင်ရင် ငါအေးချမ်းနေတယ်... မင်းရည်းစားအကြောင်းတွေးမိတိုင်း သရဲသဘက်စီးသလို စိတ်တွေကဖောက်ဖောက်လာတယ်... "
အရှေ့နားက ပျက်နေတဲ့မီးတိုင်ကိုလှမ်းကြည့်ရင်း သံလွင့်ခြေထောက်တွေကို သုတ်ခြေတင်ဖို့ဟန်ပြင်ပြီးသား။ ဘယ်သူကစလိုက်လဲမသိပေမဲ့ " ပျက်နေတဲ့မီးတိုင်အောက်ကနေ သရဲမက လမ်းကြားထဲဝင်သွားတယ် " ဆိုတဲ့အကြောင်းက ရပ်ကွက်ထဲရှိလူတိုင်းနီးပါးရဲ့ပါးစပ်ဖျားမှာ။ တစ်ခါမှမကြုံဖူးပေမဲ့ တစ်ယောက်တည်းဖြတ်သွားရတဲ့အချိန် ကျောချမ်းတာတော့အမှန်ပင်။
၁.. ၂.. ၃ !!
" တောင်း..တောင်းပန်ပါတယ်.. ဟာ့... "
နောက်ပြန်လှည့်မကြည့်ဘဲ ပြေးမယ်လို့တွေးထားတဲ့ သံလွင်တစ်ယောက် ကြားလိုက်ရတဲ့အသံကြောင့် ခြေလှမ်းတွေတုံ့ခနဲရပ်သွားသည်။ အသံက မိန်းကလေးအသံ။ ရှိုက်ကြီးတင်ငိုနေပြီး တုန်တုန်ရီရီနဲ့ကြောက်နေတဲ့အသံမျိုး။
သံလွင် ကြက်သီးမွှေးညင်းများတဖြန်းဖြန်းထသွား၏။ အသိစိတ်မှာတားနေသည့်ကြားက မီးတိုင်ပျက်ကြီးရဲ့ဘေးက မှောင်ရိပ်ကျတဲ့လမ်းကြားကို ဆတ်ခနဲလှည့်ကြည့်လိုက်မိသည်။
YOU ARE READING
𝑍 [ Completed ]
Short Story" အခုကစပြီး မင်းမှာ အိပ်မက်ဆိုးဆိုတာမရှိဘူး ငါကသာ မင်းရဲ့ တစ်ခုတည်းသောအိပ်မက်ဆိုးပဲ "