>> Unicode <<
_______________" ဘယ်လိုစိတ်နဲ့များ လုပ်ရက်တာလဲဟယ် "
" အငြှိုးအတေးနဲ့လုပ်တာပဲဖြစ်မယ် "
တစ်ယောက်တစ်မျိုးထင်ကြေးပေးနေကြတဲ့စကားသံတွေဟာ အဖြစ်ပျက်တွေကိုပြန်သတိရစေသည်။ သွေးတစက်စက်ကျနေတဲ့ ဓားရယ်။ အဲ့ဒီလူရယ်။ " သွားတော့ " ဆိုတဲ့ ခပ်ရှရှစကားသံကို အခုထိ သံလွင့်နားထဲကထုတ်လို့မရနိုင်။
သူရော.. အခုချိန် ဘယ်မှာပုန်းနေမလဲ။
လမ်းကျဉ်းလေးထဲမှာ အမျိုးသမီးအလောင်းကိုလာသယ်ကြတဲ့ ဆေးရုံကားတွေ ၊ ဆရာဝန်တွေနှင့် ရဲတွေ အသီးသီးခြေရှုပ်နေကြ၏။ မိနစ်ပိုင်းလောက်ကြာတဲ့အခါ ရပ်ကြည့်နေတဲ့လူအုပ်အနားကို လူတစ်ယောက်ရောက်လာသည်။ လက်ထဲမှာ စာအုပ်နှင့်ဖောင်တိန်တစ်ချောင်းကိုင်ထားပြီး ပတ်ဝန်းကျင်ကိုအကဲခတ်နေသူဟာ အရပ်ဝတ်နှင့်ရဲတစ်ယောက်သာဖြစ်မည်။
" မနေ့ညက ကိုးနာရီနဲ့ ဆယ့်နှစ်နာရီကြားလောက်မှာ ဒီလမ်းကို ဖြတ်သွားတဲ့လူရှိလား "
ထိုမေးခွန်းကြောင့် မြင်ကွင်းတချို့ဟာ တကူးတကစဉ်းစားစရာမလိုပါပဲ သံလွင့်အာရုံထဲရောက်လာပြန်သည်။ သူ့မျက်စိရှေ့မှာတင် လဲကျသွားတဲ့မိန်းကလေး။ ပြီးတော့ အဲ့ဒီလူသတ်သမား။
သွေးစွန်းနေတဲ့လက်တွေကို ပြန်မြင်ယောင်မိချိန်မှာ သံလွင့်နဖူးမှာလည်းချွေးစို့လာသည်။ သံလွင့်တစ်သက်နှင့်တစ်ကိုယ် လူသေတာကို မျက်မြင်ကိုယ်တွေ့မကြုံဖူးခဲ့။ တွေ့မဲ့တွေ့တော့လည်း လူသတ်သမားနှင့်ပါထိပ်တိုက်တိုးခဲ့တဲ့အဖြစ်။
မျက်စိရှေ့က ရဲဦးလေးကြီးမှာ ရပ်ကွက်ကလူတွေနှင့်စကားပြောရင်း တစ်စုံတစ်ရာသိရဖို့ကြိုးစားနေသည်။ " ကျွန်တော်မြင်လိုက်တယ် " ဆိုတဲ့စကားတစ်ခွန်းက သံလွင့်ခေါင်းထဲသို့ ဖျတ်ခနဲ ဖျတ်ခနဲဝင်လာ၏။သို့ပေမဲ့ အပြင်ပန်းကတော့ အာစေးမိနေသူလို ငြိမ်သက်ဆွံ့အနေမိသည်။
" ကျွန်တော်... ကျွန်တော်လေ... "
" အဆင်ပြေရဲ့လား ဆရာကြီး "
အားယူကာပြောမဲ့အချိန်မှာပဲ ရုတ်တရက် သံလွင့်ပုခုံးပေါ်ရောက်လာတဲ့ လက်တစ်ဖက်။ သံလွင်လည်း တစ်ချက်ကြောင်သွားကာ လာဖက်တဲ့လူကို လည်ပြန်ကြည့်လိုက်သည်။
YOU ARE READING
𝑍 [ Completed ]
Kurzgeschichten" အခုကစပြီး မင်းမှာ အိပ်မက်ဆိုးဆိုတာမရှိဘူး ငါကသာ မင်းရဲ့ တစ်ခုတည်းသောအိပ်မက်ဆိုးပဲ "