>> Unicode <<
~~~~~~~~~~~~" သံလွင်.. သံလွင် ထဦး "
ပုခုံးကိုအသာလှုပ်ရင်း မေမေလာနှိုးသည်။ ခေါင်းတစ်ခုလုံးအုံခဲပြီး ထိုးကိုက်နေတဲ့ဒဏ်ကြောင့် သံလွင်မျက်လုံးမဖွင့်နိုင်သေး။ မေမေ့လက်ဖဝါးနွေးနွေးက သံလွင့်နဖူးနှင့်ပါးတွေကိုခပ်ဖွဖွထိတွေ့နေပြီး နောက်တစ်ကြိမ်ထပ်နှိုးပြန်သည်။
" သံလွင် ခဏထဦး၊ ဆေးသောက်ပြီးမှ ပြန်အိပ်လေ "
" မေမေ "
" အေး ထဦး.. ကြာဇံပြုတ်လေးစားပြီး ဆေးသောက်လိုက် "
တစ်ကိုယ်လုံးနုံးနေသော်လည်း အားယူပြီးထထိုင်ရသည်။ မျက်စိရှေ့ကိုရောက်လာတဲ့ကြာဇံပြုတ်ပန်းကန်ကို ကြည့်သာကြည့်နေပြီး စားချင်စိတ်ကမရှိ။ မေမေကတော့ သံလွင့်လက်ထဲ ကိုယ်ပူကျဆေးတစ်လုံးထည့်ပေးပြီး အခန်းထဲကထွက်သွား၏။
ဖုန်းဖွင့်ပြီး နာရီကြည့်တော့ မနက် ၈ နာရီထိုး။
ကိုယ်အပူရှိန်ကတရှိန်းရှိန်းနှင့် သံလွင့်မျက်ခွံတွေပါ လေးလံနေတော့၏။ အငွေ့တထောင်းထောင်းထနေသည့်ကြာဇံပြုတ်ကို တစ်ဇွန်းစ ၊ နှစ်ဇွန်းစသာစားပြီး ဆေးသောက်လိုက်သည်။ မေမေတစ်ယောက်တည်း ဆိုင်ထိုင်နေရ၍ သံလွင်လည်း အိပ်ရာထဲလှဲပြီးမနေချင်တော့။
ခေါင်မိုးပေါ်သို့မိုးစက်များကျသံ တဖြောက်ဖြောက်က မိုးရာသီရဲ့မနက်ခင်းတိုင်းအတွက် သံစဉ်တစ်ခုလိုဖြစ်လာသည်။ ငယ်စဉ်တည်းက ငြိမ်းသံလွင်က မိုးရာသီကိုနှစ်သက်သည်။ မိုးရေထဲ လမ်းလျှောက်ရတာအစ၊ မိုးစက်များအောက်မှာ ငိုရခြင်းအဆုံး။ သူနှစ်သက်တဲ့ မိုးရာသီရဲ့ မိုးစက်များအောက်မှာပဲ ပထမဆုံးအနမ်းကို လုယူခံရသတဲ့။
လုယူတယ်..။ ဟုတ်တယ် အလိုမတူမှတော့ လုယူခံရတာပဲ။
" ဘာလို့ထွက်လာတာတုန်း သွားအိပ်နေ သွား "
အမေဖြစ်သူရဲ့အသံက သံလွင့်အာရုံထဲသို့ဝင်မလာချေ။ အတွေးတွေများပြီး ရေကိုင်ဖို့ပြင်တဲ့လက်ကို ခပ်ဆတ်ဆတ်လှမ်းရိုက်မှ အသိဝင်သည်။
" ဗျာ "
" ရေကိုင်မနေနဲ့ သွားအိပ်နေ၊ မေတစ်ယောက်တည်းရတယ် သွား "
YOU ARE READING
𝑍 [ Completed ]
Short Story" အခုကစပြီး မင်းမှာ အိပ်မက်ဆိုးဆိုတာမရှိဘူး ငါကသာ မင်းရဲ့ တစ်ခုတည်းသောအိပ်မက်ဆိုးပဲ "