Unicode
ခံရအခက်ဆုံးဟာ လျစ်လျူရှုခြင်းလို့ ခေါ်လေမလား။
ရှောင်းကျန့်ကို တစ်မိုးအောက်တည်းနေပြီး မျက်နှာမမြင်ရတာ တစ်ပတ်ရှိပြီ။ သူ့အချစ်က ရိပေါ်ကိုပင်ပန်းစေသလားလို့ မေးပြီးတဲ့ အချိန်ကတည်းက ရိပေါ်ကို သိသိသာသာနှင့် ရှောင်နေတာပင်။
အဆင်သင့်ရှိနေတဲ့ မနက်စာတွေဟာ ပုံမှန်ရှိနေဆဲပေမယ့် အရင်ကလို အနားမှာ ထပ်ယူစားဖို့ ဘာလိုလဲမေးဖို့ လူမရှိ။
ဝန်ခံရလျှင် ရင်ထဲတော့ ဟာတာတာ။
ဒါပေမယ့် ရိပေါ်က စိတ်ပြန်တင်းနေမိတာပဲ။
နောင်တရဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်ဘူးမဟုတ်လား။
ပြန်စဉ်းစားကြည့်တဲ့အခါ ဒီအရာကို သူကိုယ်တိုင် လိုလိုလားလားတောင့်တ နေခဲ့တာပဲလေ။
*ကိုယ် ခရီးသွားစရာပေါ်လာလို့... မင်းတစ်ယောက်တည်း အဆင်ပြေမယ်မလား*
တစ်စောင်တည်းသော စာက ဖုန်းမျက်နှာပြင်မှာ အတိုင်းသား။
အရင်က ခရီးသွားစရာတွေလို့ဆိုတာနဲ့ ရိပေါ်ကို နားကွဲမတတ် တတွတ်တွတ်ပြောတတ်တာ သူမဟုတ်ပါလေစ။
မသိသာစွာပဲ ရိပေါ် တစ်ယောက် အတွေးများတတ်နေပြီ။
မကျေမနပ်နဲ့ ကန်ကြောက်မိတာ အိမ်ခန်းထောင့်က ဆိုဖာခုံငယ်လေးကိုပါပဲ။
"သွားပေါ့... ပြန်မလာနဲ့!"
ရိပေါ် စိတ်အလိုမကျဖြစ်တယ်။ ညနေခင်းဟာ အေးချမ်းနေသလိုပေမယ့် ရိပေါ်စိတ်ထဲတော့ ရှုပ်ထွေးနေတဲ့ စိတ်ကြိုးမျှင်တွေဟာ အထွေးလိုက်အထုံးလိုက်။
ရုံးက စောစော ပြန်ရောက်လာပေမယ့် ညနေစာအတွက် ရုံးခန်းအနားက ဆိုင်ကြီးကြီးရဲ့ ဟင်းတွေဝယ်လာခဲ့ပေမယ့် သူရလိုက်တာ စာတစ်စောင်နဲ့ စိတ်ရှုပ်ရခြင်းတေွ။
"ရှောင်းကျန့်... ခင်ဗျားက တကယ်လူယုတ်မာပဲ"
မကျေမချမ်းရေရွတ်လိုက်ပြန်တယ်။
•
•
•
"မင်း တကယ် အဲ့လိုဖြစ်နိုင်လို့လား"