ဒုတိယအကြိမ်မြောက် တွေ့လိုက်ရတဲ့ မျက်နှာကျက်ဖြူဖြူ။
နောက်ကျိနေတဲ့ ခေါင်းအပြင် ဘယ်ဖက်နားထင်နားတစ်ဝိုက်ကပါ နာကျင်မှုခပ်ပြင်းပြင်း။ ကြည်လင်မှုမရှိသေးတဲ့ မျက်ဝန်းတွေကို ဘေးဘီဝေ့ဝဲလိုက်တော့ အနည်းငယ် အသားကျသွားတယ်။
တင်းကြပ်ကြပ် အထိအတွေ့ကြောင့် ခေါင်းမှာ တစ်ခုခုပတ်ထားသလို ခံစားသိရှိရတယ်။
အရင်တစ်ခါလို လိုက်ကာနဲ့ ကာထားတဲ့ အခန်းမဟုတ်ဘူး။
ဒါက တစ်ဦးတည်းသီးသန့်ခန်းဖြစ်တယ်။
ကုတင်ရဲ့ ရှေ့ တည့်တည့်မှာရှိတဲ့ သစ်သားစားပွဲခုံရှည်ပေါ်မှာ သစ်သီးခြင်းတစ်ခြင်း။တိတ်ဆိတ်နေတဲ့ အခန်းထဲ သူကလွဲလို့ ဘယ်သူမှ မရှိဘူး ထင်တယ်။
ထထိုင်လိုက်ဖို့ ကြိုးစားပေမယ့် လက်မောင်းက ဆစ်ခနဲ နာကျင်မှုကြောင့် ပြန်ပြီးလဲလျောင်းရတာပါပဲ။
ကိုကိုရော...
ကိုကို ဘာဖြစ်သွားခဲ့သေးလဲ။သူကိုကို့ကို အပြည့်အဝ ကာကွယ်ပေးနိုင်ခဲ့တာမျိုးကိုပဲ လိုချင်ပါတယ်။ ဘာမှ မဖြစ်ရင်ပဲ တော်တော့တယ်။
အတွေးတွေထဲ ဝေ့နေချိန်မှာ အခန်းတံခါးပွင့်သံသဲ့သဲ့ကြားတယ်။ ခြေသံဖွဖွနဲ့ ဝင်လာတဲ့ သူဟာ သူမျှော်နေခဲ့ရတဲ့ တစ်ယောက်သောသူဖြစ်ပါတယ်။
"အဟမ်း နိုးနေပြီလား ရိပေါ်"
မတွေ့ရတဲ့ နှစ်လအတွင်းမှာ ကိုကိုက ပိုပြီးကြည့်ကောင်းလာတယ်။ ဒါကို အပူဇောကပ်ပြီး လိုက်ကြည့်နေမိတဲ့ ရိပေါ်က မတော်တဆမဖြစ်ခင် အချိန်က သတိမထားမိခဲ့ပါလေ။
"ခေါင်းကိုက်နေသေးလား... ကိုယ်ဆရာဝန် ခေါ်ပေးမယ်"
ပြောပြောဆိုဆိုနဲ့ ပြန်ထွက်သွားတဲ့ ကိုကို့ကို သူလိုက်ကြည့်ရုံပဲတတ်နိုင်တယ်။
တကယ်တမ်း ပြန်တွေ့တဲ့အခါ တောင်းပန်မယ်... ပြန်တွေ့တဲ့အခါ အနားမှာ ပြန်ရှိပေးဖို့ တောင်းဆိုချင်ပေမယ့် အပြစ်လုပ်ထားမိတာ သူပဲမို့ လက်တွေ့မှာတော့ အနည်းငယ်တော့ ချိတုံချတုံရယ်။