"မသွားပါနဲ့... "
ကွန်ဒိုရဲ့ မြေညီထပ် ဓာတ်လှေကားတံခါးပွင့်တာနဲ့ နောက်ကနေကြားလိုက်ရတဲ့ အသံတစ်ခုဟာ ခြေလှမ်းတွေကို ရပ်တန့်သွားစေတယ်။
မောဟိုက်နေတဲ့ လေသံဟာ ပင်ပင်ပန်းပန်းခွန်အားသုံးခဲ့ရကြောင်း သက်သေပြတယ်။
ရိုးရိုးလှေကားဖက်က ကြားရတဲ့ ခြေသံပြင်းပြင်းတစ်ချို့ဟာ အသက်ရှုသံကျယ်ကျယ်နဲ့အတူ သူ့နောက်ကွယ်ကနေ တရွေ့ရွေ့လာနေတယ်။
"ထပ်ပြီး မသွားပါနဲ့တော့"
မောဟိုက်နေတဲ့ အသံဟာ မချိမဆံ့စွာပဲ တောင်းပန်တိုးလျှိုတယ်။
"ဖိနပ်လည်းမပါဘူး ရိပေါ်"
ခါးကိုကိုင်လို့ ဒူးပေါ်လက်လေးတင်ပြီး အမောဖြေနေတဲ့ တစ်ဦးတည်းသောက မျက်နှာလေးတွေရဲလို့ ခပ်ဖွေးဖွေး ခြေနှစ်ဖက်ဟာလည်း ခပ်ရဲရဲဖြစ်လို့။
"ကိုယ့်ကို ဖုန်းခေါ်ပြီး စောင့်နေခိုင်းရောပေါ့ အတင်းပြေးဆင်းလာရလား"
"မောနေပြီ မဟုတ်လား"
ရှောင်းကျန့်ကိုယ်လုံးဟာ လျင်မြန်စွာ ထွေးဖက်ခံလိုက်ရတယ်။ သူ့လည်ဂုတ်နားမှာ ရှူထုတ်လိုက်တဲ့လေပြင်းပြင်းကို ခံစားရပုံထောက်ရင်တော့ အမောမပြေသေးဟန်ပင်။
"မသွားပါနဲ့... "
"ရိပေါ်"
ဒီစကားလုံးတစ်လုံးကိုပဲ ထပ်တလဲလဲ တောင်းဆိုမှုပြုတယ်။
"မဟုတ်ဘူး ကျွန်တော် နေမကောင်းသေးဘူး... မသွားလို့မရဘူးလား"
အသံကတိုးလွန်းတယ်။ မချင့်မရဲလည်းနိုင်တယ်။ ပြီးတော့ ဝမ်းနည်းပြီးကြောက်ရွံ့နေသေးတယ်။
"ကိုယ်ပြန်လာမှာပါ"
"မသွားနဲ့... ကျေးဇူးပြုပြီး... ကျွန်တော့်အနားမှာ နေပေးပါ ကိုကို"
ရှောင်းကျန့်ကိုယ်ကို ထွေးဖက်ထားတဲ့ လက်တစ်စုံဟာ ပိုလို့တင်းကြပ်သွားတယ်။ ထွေးဖက်ထားရင်း ရှိုက်လိုက်တဲ့ ပင့်သက်ကြောင့် သူလည်ဂုတ်နားမှာ ယားကျိကျိခံစားမှုကလေး ဖြတ်ပြေးသွားသေးတယ်။