𝟮. 𝗡𝗶𝗴𝗵𝘁𝗺𝗮𝗿𝗲

246 34 6
                                    

၂။ အိပ်မက်ဆိုး

နေလုံးကြီးဟာ သူ့တာဝန်အလိုက် နစ်မြုပ်ပျောက်ကွယ်သွားတဲ့အချိန်ကစပြီး အချမ်းဓာတ်က ပိုတိုးလာကာ ကျယ်ဝန်းကြီးမားတဲ့ ခြံဝင်းကြီးထဲမှာ လေစိမ်းတွေ တဟူးဟူး တိုက်ခတ်နေသည်။ အလာတုန်းကလည်း လမ်းမသိခဲ့သလို အပြန်ကျတော့ပြန်လည်း ဘယ်လိုပြန်ရမှန်းမသိတဲ့ သူ့အတွက် ဒီလို ခြံအကျယ်ကြီးထဲမှာ ကောင်လေးသွားရာနောက်ကိုပဲ ထပ်ကြပ်မကွာ လိုက်လာရင်း နောက်ဆုံးမှာတော့ ထူးဆန်းဖွယ် အိမ်ကြီးထဲကို ပြန်လည် ရောက်ရှိလာခဲ့တော့သည်။

သူရှိနေတတ်တဲ့ပန်းခြံလေးဆိုတာကိုလည်း မတွေ့ခဲ့သလို စိမ်းစိုတဲ့ မြက်ခင်းပြင်နဲ့ ဆောက်လုပ်ဝန်းရံထားတဲ့ ခြံအကျယ်ကြီးထဲကိုလည်း ဘယ်လိုဝင်ပြီး ဘယ်လိုပြန်ထွက်ရမလဲဆိုတာမသိခဲ့။ ရှာမတွေ့တဲ့အဆုံး တွေ့ကရာ နေရာမှာ ဝင်ထိုင်ပြီး ခဏ အမောဖြေမိမှ ကောင်လေးက သူ့ရှေ့ကို ပေါ်လာတာကြောင့် တွေ့ခွင့်ရခဲ့သည်။ မဟုတ်ရင် ခြံအကျယ်ကြီးထဲ လမ်းပျောက်နေမှာ ကျိန်းသေသည်။

အိမ်ထဲကို ရောက်တော့ နေဝင်ပြီးချိန်ဖြစ်လို့ မှောင်ပိန်းနေသည်။ မီးတွေကိုလည်း တစ်ခုတစ်လေမှ ထွန်းထားခြင်းမရှိတဲ့အပြင် နွေးထွေးခြင်းမရှိတဲ့ အိမ်ကြီးက အပြင်ကလိုပဲ အေးစိမ့်စိမ့်ဖြစ်နေသည်။ အိမ်ထဲမှာပဲ အပူပေးစက် မတပ်ထားလို့လား၊ ဒီအိမ်ကြီးကပဲ အေးစက်လွန်းနေတာလားတော့မသိ။ အိမ်ကို ဆောက်လုပ်ထားခဲ့တဲ့ လူက သာမာန်နံရံတွေနဲ့မဟုတ်ပဲ ရေခဲထုတွေနဲ့များ ဆောက်လုပ်ထားခဲ့လေသလား အောက်မေ့ရသည်။

ယုတ ချမ်းလို့ဆိုပြီး လက်ကလေးပိုက်ကာ မမြင်ရတဲ့ အိမ်ကြီးထဲကို စမ်းတဝါးဝါး ဝင်လာတော့ သူ့အရှေ့ကကောင်လေးက ရုတ်တရက် လှည့်ကြည့်ပြီး ဖုန်းက မီးကိုထွန်းကာ သူ့မျက်နှာကို ထိုးပြလိုက်တော့ ယုတ ခြေထောက်တွေ ယိုင်ပြီး နောက်ပြန်လန်ကျသွားသည်။

"အမေ့.. လန့်လိုက်တာ..."

ကောင်လေးက လန်ကျသွားတဲ့ သူ့ကို ပြန်ထူပေးပြီး တစ်ဘက်ကို လှည့်သွားကာ မီးခလုတ်သွားဖွင့်သည်။ ထိုအခါမှသာ တစ်အိမ်လုံး မီးလင်းသွားပေမယ့် အဝါဖျောင့်ရောင်မီးလေးဖြစ်တာကြောင့် သိပ်တော့ အဆင်မပြေလှသေး။ နေရထိုင်ရတာ ချမ်းစိမ့်စိမ့်ရှိတဲ့အပြင် ထွန်းထားတဲ့ မီးကပါ အရောင်ဖျော့နေတော့ ယုတ တစ်ယောက် စိတ်ထဲမှာ ထိတ်လန့်သလို ခံစားနေရသည်။ နောက်ပြောင်တတ်တဲ့ ကောင်လေးကလည်း စောနလေးကမှ သူ့ကို ခြောက်လှန့်ထားတာဆိုတော့ ပိုဆိုးသည်။

𝐈'𝐦 𝐲𝐨𝐮𝐫 𝐏𝐬𝐲𝐜𝐡𝐨 || 𝐘𝐮𝐦𝐚𝐫𝐤Where stories live. Discover now