အခန်း (၂)အဲ့ဒီနေ့က မမ မေငြိဏ်း မဝတ်ရည်နဲ့အတူ အခန်းထဲဝင်သွားပြီး ငါးမိနစ်လောက်အထိ ကျွန်မ ဧည့်ခန်းမှာ ဆက်ထိုင်နေဖြစ်တယ်။ စာ ဆက်ဖတ်ဖို့ လည်း စိတ်မပါတော့ဘူး။ ဒါကြောင့် ကျွန်မလည်း ကျွန်မအခန်းထဲ ဝင်ခဲ့ပြီး ညစာ စားချိန်ရောက်တဲ့အထိ အခန်းအောင်းနေလိုက်တယ်။
နောက် သုံး လေးရက်အထိ မမ မေငြိဏ်းကို မတွေ့ခဲ့ရပါဘူး။ မတွေ့ခဲ့ရဆို မမ မေငြိဏ်းလည်း ဧည့်ခန်းမှာထွက်ထိုင်တာတို့၊ ညဘက် တီဗီထွက်ကြည့်တာတို့ သိပ် မလုပ်တတ်တဲ့သူမို့လို့ပါ။ ထမင်းတောင် မဝတ်ရည်က ပါဆယ် ဝယ်ပေးခဲ့ ရတာ များပါတယ်။
မမ မေငြိဏ်းက တခြားအဆောင်သူတွေနဲ့ သိပ် မရောနှောတတ်ဘူးဆိုတာ နောက်မှ ကျွန်မ သိခဲ့ရတယ်။ သီးသန့်ဆန်ပေမယ့် မမ မေငြိဏ်းကို တခြား အဆောင်သူတွေက အကုန် ချစ်ကြပုံလည်း ပေါက်နေပြန်တယ်။
အမျိုးသမီးအဆောင်က နှစ်ထပ်ဖြစ်ပြီး စုစုပေါင်း ရေချိုးခန်း နှစ်ခန်း နှင့် အိမ်သာ လေးခု ပါပါတယ်။ မမ မေငြိဏ်းရော ကျွန်မပါ အပေါ်ထပ်အခန်းတွေမှာ နေဖြစ်ကြတယ်။ စပြီးဆုံကြရတာလည်း အပေါ်ထပ်ဧည့်ခန်းကျဥ်းလေးမှာပေါ့။
ဧည့်ခန်းမှာ အဆောင်သူတွေ အားလုံးစုပြီး ကြည့်လို့ရမယ့် တီဗီတစ်လုံးလည်း ရှိတယ်။ တခြား ရေနွေးတို့၊ အားသွင်းရမယ့် လျှပ်စစ်မီးအိမ်တို့၊ တယ်လီဖုန်းတို့ က အဆောင်နဲ့ကပ်ရက် အဆောင်ပိုင်ရှင်နေတဲ့အိမ်မှာ ထားပေးပါတယ်။
ရှေ့ဘက်မှာ ဝရံတာတစ်ခုပါပြီး အဆောင်သူတချို့ ပျင်းရင် ထွက်ထိုင်တတ်ကြ တယ်။ အနောက်ဘက်ဝရံတာကတော့ အဝတ်လှန်းကြရတဲ့နေရာပေါ့။
အဆောင်သူ အချင်းချင်း တီဗီကြည့်ချိန်၊ ရေချိုးခန်းသုံးချိန်၊ အဆောင်ရှေ့က ဆိုင်မှာ ထမင်းဆင်းဝယ်ချိန်တွေမှာ တစ်ယောက်နဲ့တစ်ယောက် တစ်ကြိမ် မဟုတ် တစ်ကြိမ် ဆုံမိကြ၊ စကားပြောဖြစ်ကြ ဖြစ်တတ်ပေမယ့် မမ မေငြိဏ်းကို သူရောက်လာခဲ့တဲ့နေ့က တစ်ကြိမ်တစ်ခါပဲ တွေ့ခဲ့ရပြီး ထပ်မတွေ့ခဲ့ရဘူး။
သူ ဘယ်အချိန်တွေ အခန်းပြင်ထွက်ပြီး ဘယ်အချိန်တွေ အတန်း သွားတက်တတ် လဲ ဆိုတာ ကျွန်မလည်း မတွေးတတ်အောင်ပါပဲ။
YOU ARE READING
မမ မေငြိဏ်းကျော် သိလား vol 1 [Complete]
Romanceမမမေငြိဏ်းကျော်က ကျွန်မနှလုံးခုန်သံရဲ့ ရေသောက် မြစ်ငယ်ပေါ့။သူ စီးဝင်လာခဲ့တယ်။သူ ဝင်ရောက်လာခဲ့ပုံဟာ မြူငွေ့ဆန်လွန်းလို့ အဲ့ဒီညင်သာမှုကို ကျွန်မ မမေ့နိုင်တော့တဲ့အထိပါပဲ။