အခန်း (၂၇)
နောက်တစ်နေ့ မနက်မှာ ညကထက် ပိုပြီး ကျွန်မ ကိုယ်ပူတက်နေတယ်။ ခေါင်းတွေလည်း ထိုးကိုက်လို့။
"လှိုင်းငယ်၊ ကေသွယ်နဲ့အတူ ဆေးခန်းသွားရအောင်နော်။ ကေသွယ့်အိမ်ကို ဖုန်းဆက်ပြီး ဆိုင်ကယ်နဲ့ လာခေါ်ခိုင်းလိုက်မယ်"
ကျွန်မမှာ တအံ့တသြ။ ကျွန်မက မေဂျာတူ သူငယ်ချင်းကောင်းတွေ ရထားတာ အပြင် အခန်းဖော်ကောင်းလည်း ရထားတာပါပဲလား။ ကေသွယ့်စေတနာကို အားနာစိတ်နဲ့ ကျွန်မ ငြင်းဆိုမိတယ်။
"ကေသွယ်ရယ်။ ရပါတယ်၊ အတန်းသွားတက်ပါနော်။ စာမေးပွဲနီးနေလို့ မပျက်စေချင်ဘူး။ တို့နှစ်ယောက်က မေဂျာလည်း မတူဘူးလေ။ တစ်ခုခုဆို လှိုင်းလည်း ကူကျက်ပေးလို့မရဘူးမို့"
ကေသွယ် တစ်ချက် တွေခနဲ ဖြစ်သွားတယ်။
"ဖြစ်ရဲ့လား လှိုင်း၊ ကိုယ်ပူ တအားတက်နေတာကွာ"
"ဖြစ်ပါတယ် ကေသွယ်ရဲ့။ ကေသွယ့် စေတနာကို တို့ သိတယ်နော်။ အတန်း မပျက်စေချင်လို့ပါ။ မမ မေငြိဏ်းကို ခေါ်ပေးနော်"
ကေသွယ် အခန်းထဲက ထွက်သွားတယ်။ ကျွန်မ အဖျားတက်နေချိန်က မနက် အစောကြီး ၆ နာရီတောင် မထိုးသေးဘူး။
မမ မေငြိဏ်း ရောက်လာပြီး ကျွန်မ နဖူးကို ထိစမ်းကြည့်တယ်။ မျက်နှာမှာ စိုးရိမ်မှု အထင်းသား။ မမ မေငြိဏ်းရဲ့ မနက်ခင်း အိပ်ယာထစ မျက်နှာလေးကို အဖျားတက်နေရင်းနဲ့ ကျွန်မ မှာ ငေးမဝ ဖြစ်နေသေးတယ်။ ဒီအတိုင်းလေးကို ကျက်သရေ ရှိလွန်းတဲ့ မိန်းမ ပါပဲ။
"အို၊ ကိုယ်တွေ ခြစ်ခြစ်တောက် ပူလို့ပါလားကွယ်၊ ဆေးခန်းသွားမှ ဖြစ်မယ်"
"ဟုတ်တယ် မမ မေငြိဏ်း။ ကေသွယ် လိုက်ပို့မလို့ဟာ။ အတန်းပဲ သွားတက်ခိုင်းနေတယ်"
"အစ်မ လိုက်ပို့ လိုက်မယ်။ ကေသွယ် ကျောင်း သွားနော်"
"ဟုတ်။ မမ မေငြိဏ်း လိုက်ပို့မယ်ဆို ကေသွယ် စိတ်ချပြီး အတန်း သွားတက်လိုက်မယ်"
"အေးကွယ်"
ကေသွယ်က ကျောင်းသွားဖို့ ပြင်ဆင်နေတယ်။
YOU ARE READING
မမ မေငြိဏ်းကျော် သိလား vol 1 [Complete]
Romanceမမမေငြိဏ်းကျော်က ကျွန်မနှလုံးခုန်သံရဲ့ ရေသောက် မြစ်ငယ်ပေါ့။သူ စီးဝင်လာခဲ့တယ်။သူ ဝင်ရောက်လာခဲ့ပုံဟာ မြူငွေ့ဆန်လွန်းလို့ အဲ့ဒီညင်သာမှုကို ကျွန်မ မမေ့နိုင်တော့တဲ့အထိပါပဲ။