အခန်း ၂၁
တနင်္လာနေ့ မနက် ၇ နာရီခွဲလောက်မှာ မမ မေငြိဏ်း အဆောင် ပြန်ရောက်လာတယ်။ ကျွန်မက နိုးနှင့်နေပေမယ့် အခန်းထဲမှာပဲ ရှိသေးတယ်။ တံခါးစေ့ရုံ စေ့ထားတဲ့ ကျွန်မအခန်းထဲ မမ မေငြိဏ်း ဝင်လာပါတယ်။ ကျွန်မ မျက်နှာ ဘယ်လိုဖြစ်နေမှာလဲလို့ ကျွန်မကိုယ်တိုင် မသိချင်ဘူး။ တကယ်တမ်း သူ့ကိုတွေ့တဲ့အခါ တည်တည်ငြိမ်ငြိမ်ပဲ ဖြစ်နေလေတယ်။ ပြီးခဲ့တဲ့နှစ်ရက်က သေလောက်အောင် လွမ်းခဲ့တဲ့လူ မဟုတ်တဲ့အတိုင်းပဲ။
"ကလေး နိုးပြီလား။ ရေတောင်ချိုးပြီးသွားပြီလား"
ကျွန်မ ဘာမှ ပြန်မဖြေဖြစ်ပဲ မမ မေငြိဏ်းကိုသာ ကြည့်နေဖြစ်တယ်။
"မမ မြို့ထဲက မနက်စာ ဝယ်ခဲ့တယ်။ အတူစားမို့ ဧည့်ခန်းမှာ စောင့်နေမယ်နော်"
ကျွန်မကို တစ်ခွန်းမှ နှုတ်ဆက် မသွားပဲ နှစ်ရက်လောက် ပစ်ထားခဲ့တဲ့သူက ဘာမှ မဟုတ်သလို စကားတွေပြောလို့။ ကျွန်မနဲ့ နှစ်ရက်လောက် မတွေ့ခဲ့ရတာ မမ မေငြိဏ်းမှာ မနက်စာ အတူစားမယ် ဆိုတဲ့စကားမျိုးပဲ ပြောစရာရှိသတဲ့လား။ တကယ်ပဲ ဒီမိန်းမအတွက် ကျွန်မနဲ့ အတူရှိရတာဖြစ်ဖြစ်၊ ခွဲနေရတာဖြစ်ဖြစ် ဘာမှကို သက်ရောက်မှုမရှိဘူးတဲ့လား။
ကျွန်မက သူ့နေ့စဥ်ဘဝထဲမှာ ဘာမှ အရေးမကြီးနေဘူးပေါ့။ စိတ်ထဲမှာ တအုံ့နွေးနွေး နဲ့ပဲ ကျွန်မ ဧည့်ခန်းကို ထွက်လာတယ်။ စားပွဲပေါ်မှာ ကျွန်မ အတွက် မနက်စာ အဆင်သင့်။ မမ မေငြိဏ်းရဲ့ဘေးမှာ ဝင်ထိုင်ပြီး မနက်စာကို လေးပင်စွာ ကျွန်မ စားတယ်။ ကျွန်မကို မမ မေငြိဏ်း တစ်ချက် တစ်ချက် ခိုးကြည့်နေတယ်။
"ကျောင်း အတူသွားမယ်နော် ကလေး"
"မသွားပါဘူး"
စားလက်စကို ပန်းကန်ထဲ ပြန်ထည့်ကာ မမ မေငြိဏ်း ကျွန်မကို ကြည့်တယ်။ ကျွန်မက မမ မေငြိဏ်းကို မကြည့်ပါဘူး။ မနက်စာ မုန့်ပန်းကန်ကိုပဲ အဓိပ္ပါယ်မဲ့ စိုက်ငေးလို့ စကားပြောတယ်။
"ဟုတ်တယ် ။ မမ ဘာသာ သွားလို့ အဆင်ပြေတာပဲမို့လား"
"ကလေး"
VOCÊ ESTÁ LENDO
မမ မေငြိဏ်းကျော် သိလား vol 1 [Complete]
Romanceမမမေငြိဏ်းကျော်က ကျွန်မနှလုံးခုန်သံရဲ့ ရေသောက် မြစ်ငယ်ပေါ့။သူ စီးဝင်လာခဲ့တယ်။သူ ဝင်ရောက်လာခဲ့ပုံဟာ မြူငွေ့ဆန်လွန်းလို့ အဲ့ဒီညင်သာမှုကို ကျွန်မ မမေ့နိုင်တော့တဲ့အထိပါပဲ။