အခန်း (၂၂)ဒီတစ်ပတ် ပိတ်ရက်က အရင်ပတ်နဲ့ ကွဲပြားစွာ ကျွန်မအတွက် နေထိုင်ရ ပေါ့ပါး ကြည်လင်လို့။ ကျွန်မနဲ့ မမ မေငြိဏ်း အတူ မရှိနေရတောင် ဒီအဆောင်မှာ၊ သူ့အခန်းထဲမှာ၊ သူရှိနေကျပတ်ဝန်းကျင်မှာ ရှိနေရင် ရပါတယ်။ အဲ့သလို သူ ရှိနေတယ်လို့ သိရုံ သိနေရတာနဲ့ ကျွန်မ နေရ အဆင်ပြေတာကို သတိပြုမိတယ်။ ဒီပတ်ဝန်းကျင်၊ သူရှိနေကျ နေရာမှာ မရှိဘူးဆိုတဲ့ သိစိတ်က ကျွန်မကို တအား ထိုးနှက် ခက်ခဲစေတာ ကျွန်မ ကြုံခဲ့ရပြီးပြီလေ။
လှန်းထားတဲ့ အဝတ်တွေ ပြန်သိမ်းရင်း အခန်းထဲမှာ သန့်ရှင်းရေး နည်းနည်း လုပ်လိုက်တယ်။ ကေသွယ်က ဒီတစ်ပတ် ပိတ်ရက် အိမ်မပြန်ဘူး။ ကျွန်မကို သူ့မေဂျာက အကြောင်းတွေ ပြောပြရင်း ကျွန်မတို့ အချိန်ဖြုန်းနေမိတယ်။ ခဏ အကြာမှာ တခြားအဆောင်က သူ့သူငယ်ချင်း လာခေါ်လို့ စာအုပ်တွေ ယူပြီး ထွက်သွားဖို့ ပြင်နေလေရဲ့။
"နေ့လည်စာအတွက် စောင့်နေရမလား ကေသွယ်"
"ဟင့်အင်း လှိုင်း။ အပြင်မှာ အဆင်ပြေသလို စားလိုက်မယ်။ မစောင့်နဲ့တော့နော်။ ညနေစောင်းမှ ပြန်ရောက်ဖြစ်မယ်ထင်တယ်"
"ပြီးရော ပြီးရော။ ဂရုစိုက်ဦး"
"ဟုတ်၊တာ့တာ လှိုင်း။ သွားပြီ"
ကျွန်မလည်း ကုတင်ပေါ် လှဲနေရင်း ဖတ်လက်စ စာအုပ်ဖြစ်တဲ့ ဂျာနယ်ကျော် မမလေးရဲ့ "သွေး" ကို ဆက်ဖတ်ဖို့ပြင်တယ်။ ထိုစဥ်မှာပဲ တံခါးဝ က အသံလေး တစ်ခု ကြားရတယ်။
"ကလေး၊ အထဲမှာလား"
"ဟုတ်ကဲ့ မမ၊ ဝင်ခဲ့လေ။ ဒါမှမဟုတ် ထွက်ခဲ့ရမလား"
"ဝင်ခဲ့မယ်"
အုန်းဆံအရောင် ချည်ဝမ်းဆက်လေးနဲ့၊ သနပ်ခါးပါးပါးနဲ့ မမ မေငြိဏ်းဟာ သိပ်ကို ရိုးရှင်းလှပ နေတော့တယ်။
"ကေသွယ် ရော"
"သူ့ သူငယ်ချင်းလာခေါ်လို့ သွားကြပြီ။ စာလုပ်စရာရှိလို့တဲ့"
"သူတို့တောင် စာကြည့်နေကြပြီနော်"
"ငယ် နဲ့ မမ ကရော စာမလုပ် လို့လား"
YOU ARE READING
မမ မေငြိဏ်းကျော် သိလား vol 1 [Complete]
Romanceမမမေငြိဏ်းကျော်က ကျွန်မနှလုံးခုန်သံရဲ့ ရေသောက် မြစ်ငယ်ပေါ့။သူ စီးဝင်လာခဲ့တယ်။သူ ဝင်ရောက်လာခဲ့ပုံဟာ မြူငွေ့ဆန်လွန်းလို့ အဲ့ဒီညင်သာမှုကို ကျွန်မ မမေ့နိုင်တော့တဲ့အထိပါပဲ။