အခန်း (၁၈)

4.2K 455 11
                                    

အခန်း (၁၈)

ကန်တင်းကနေ ထွက်လာပြီး ကျွန်မတို့ မိန်းဆောင်ရှေ့က ပြန်ဖြတ်တယ်။ မိန်းဆောင်ရဲ့ ညာဘက် လမ်းအတိုင်း လျှောက်လာကြရင်း နည်းနည်းကြာတော့ ခရေပင်တွေ စပြီး တွေ့ရတယ်။ လူလည်း ပြတ်လို့ ပတ်ဝန်းကျင်တစ်ခုလုံး လမ်းတစ်ဖက်တစ်ချက်မှာ တန်းစီပေါက်နေကြတဲ့ ခရေပင်တွေနဲ့ လေတိုက်သံ တိုးသဲ့သဲ့ပဲ ရှိတယ်။ ကျွန်မက မမ မေငြိဏ်း လက်ထဲက ထီးကို ပြောင်းယူ မိုးပေးလိုက်တယ်။ ထီးဟာ အလိုက်သင့်လေးပဲ ကျွန်မလက်ထဲ ပါလာတယ်။

မမ မေငြိဏ်း အဆင်ပြေရဲ့လားလို့ သူ့မျက်နှာလေးကို စူးစမ်းကြည့်တယ်။ နည်းနည်းဆက်သွားရင် တီချယ်တွေနေတဲ့အဆောင်နဲ့ အရမ်းနီးကပ်လာတော့ မှာပဲ။ ကျွန်မ လျှောက်နေရာကနေ ရပ်လိုက်တယ်။ မမ မေငြိဏ်းလည်း လိုက်ရပ်ပြီး ကျွန်မ မျက်နှာကို လှမ်းကြည့်ရှာပါတယ်။

"ဒီခုံလေးမှာ ခဏ ထိုင်ရအောင်လား မမ"

ကျောက်ခုံလေးတွေဟာ တီချယ်တွေနေတဲ့ အဆောင်နားမှာဆို ပိုပြီး များကြပါ တယ်။ အခု ကျွန်မ ရပ်လိုက်တဲ့ နေရာမှာ ရှားရှားပါးပါး တစ်ခုပဲရှိနေတယ်။ မမ မေငြိဏ်းက ချက်ချင်း ပြန်မဖြေပါဘူး။ ဒီလမ်းထဲက လွတ်မြောက်အောင် ခပ်မြန်မြန် သွားချင်နေတာ ကျွန်မ သိတာပေါ့။

"လေကလေး တဖြူးဖြူးနဲ့ ထိုင်လို့ကောင်းမှာပဲ။ အပင်ရိပ်တွေနဲ့မို့ နေလည်း မရှိန်ဘူးလေ။ စာအုပ်တောင် ဖတ်လို့ ရသေး"

"အို ဒီနေရာမှာ စာအုပ်တော့ ထိုင်မဖတ်ချင်ပါဘူး။ လူလည်း ပြတ်က ပြတ်နဲ့ ကလေးရယ်"

"လူပြတ်လည်း ဘာအန္တရာယ်မှ မရှိပါဘူး မမရဲ့။ ကျောင်းဝင်းထဲလေ။ ဟိုမှာလည်း တီချယ်တွေရဲ့ အဆောင်ကို လှမ်းမြင်နေရတာပဲ။ ခဏဖြစ်ဖြစ် နေရအောင်လေ"

"ကလေး သဘောကွယ်။ခဏပဲနော် ဟုတ်ပြီလား"

ကျောက်ခုံလေးပေါ် ထိုင်ကြပြီး ကျွန်မ ထီးပိတ်လိုက်တယ်။ ထီးနဲ့ စာအုပ်တွေကို ခုံလေးရဲ့ အစွန်းမှာ ချထားလိုက်တော့ ကျွန်မတို့နှစ်ယောက်က ပိုပြီး ပူးပူးကပ်ကပ် ထိုင်နေရသလို ဖြစ်သွားတယ်။

မမ မေငြိဏ်းကျော် သိလား vol 1 [Complete]Where stories live. Discover now