အခန်း (၅)
အဆောင်ရှေ့တည့်တည့်မှာ တံခွန် ဆိုတဲ့ စားသောက် ဆိုင်ရှိတယ်။အဆောင်သူတွေရဲ့ လက်စွဲဆိုင်လို့တောင်ပြောလို့ရတယ်။ထမင်းဟင်းအပြင် တခြားစားသောက်စရာ ခေါက်ဆွဲကြော်၊ကော်ဖီ၊လဘက်ရည်၊ ရေခဲမုန့် ၊အအေး၊တော်တော်ကို အစုံရတဲ့ ဆိုင်ပါပဲ။အဲ့ဒီနေ့က ကျွန်မ နေ့လည်စာ ဝယ်မလို့ ဆိုင်ထဲ ဝင်လာတယ်။
မှန်ပုံး ထဲက ဟင်းတွေ ရွေးနေရင်း ဘာရယ်မဟုတ် တစ်နေရာကို အကြည့်ရောက်သွားတော့ မမမေငြိဏ်းကို တွေ့လိုက်ရတယ်။သူ တစ်ယောက်တည်း ထမင်းထိုင်စားနေတယ်။မဝတ်ရည် မပါဘူး။တခြား အဖော်လည်းမပါဘူး။သူနဲ့ မျက်စောင်းထိုးစားပွဲမှာ ကောင်လေး သုံးယောက်ထိုင်နေကြတယ်။သူတို့ရဲ့ မျက်လုံးတွေက မမမေငြိဏ်းဆီက မခွာဘူး။ဒါကို မမမေငြိဏ်းလည်း သိပုံရတယ်။အမူအရာ တစ်ချက်မှ မပျက်ပဲ ထမင်းကို အာရုံစိုက်ပြီးသာ စားနေတယ်။ဘေးက မြင်နေရတဲ့ ကျွန်မတောင် အဲ့ဒီကောင်လေးတွေကို တော်တော် အမြင်ကတ် သွားတယ်။
သူ့စားပွဲဆီသွားပြီး ကျွန်မ ခပ်တည်တည်ပဲ ခုံမှာ ဝင်ထိုင်လိုက်တယ်။ကျွန်မကို တွေ့တော့ မမမေငြိဏ်းမှာအံ့သြရိပ်လေးစွန်းလို့။
"မမက စားလို့ပြီးတော့မှာလား"
"မပြီးသေးပါဘူး။ကလေး ထမင်းလာစားတာလား"
"ဟုတ်တယ်"
တကယ်က ကျွန်မက ပါဆယ်ပဲဝယ်နေကျပါ။အခုက သူ့ကို အဖော်လုပ်ပေးချင်လို့၊သူ့ဘေးမှာ တစ်ယောက်ယောက် အနေနဲ့ရှိပေးချင်လို့ တမင်သက်သက် ဆိုင်မှာ စားဖို့ဆုံးဖြတ်လိုက်တာပါ။မှာထားတဲ့ ထမင်းပန်းကန်လာချပေးတော့ ကျွန်မ အေးအေး လူလူပဲ စပြီး စားပါတယ်။
"မဝတ်ရည်ရော"
"သူ အတန်းချိန်မပြီးသေးဘူး ကလေး"
"မမက ဆိုင်မှာပဲ အမြဲ ထမင်းစားတတ်တာလား"
"ဒါက ပုံသေမရှိပါဘူး။ပါဆယ် ဝယ်ပြီး အခန်းထဲမှာစားတဲ့အခါလည်း စားပါတယ်။တစ်ခါတလေ ဝတ်ရည် ဝယ်ပေးတာလည်း ရှိတယ်။ကလေးကရော"
"ကြုံသလိုပါပဲ"
မမ မေငြိဏ်းရဲ့ စားသောက်ပုံဟာ သိပ်ကို သိမ်မွေ့တယ်။ ဇွန်းခရင်းကိုင်ပုံ၊ ထမင်း ဝါးပုံက အစပဲ။ လူတစ်ယောက်ရဲ့ နေထိုင်စားသောက်ပုံကို ဂရုပြုပြီးကြည့်မိတာ ကျွန်မအတွက် ပထမဆုံးပါပဲ။ တကယ်လို့ မကြည့်ဘူးဆိုလည်း မမ မေငြိဏ်းရဲ့ အထက်တန်းဆန်တဲ့စားသောက်ပုံကို မြင်ရမှာပါပဲ။
YOU ARE READING
မမ မေငြိဏ်းကျော် သိလား vol 1 [Complete]
Romanceမမမေငြိဏ်းကျော်က ကျွန်မနှလုံးခုန်သံရဲ့ ရေသောက် မြစ်ငယ်ပေါ့။သူ စီးဝင်လာခဲ့တယ်။သူ ဝင်ရောက်လာခဲ့ပုံဟာ မြူငွေ့ဆန်လွန်းလို့ အဲ့ဒီညင်သာမှုကို ကျွန်မ မမေ့နိုင်တော့တဲ့အထိပါပဲ။