အခန်း (၁၄)
စိုစွတ်မှုတွေက မြို့ရဲ့ နေရာတိုင်းကို ခြုံလွှမ်းထားပါတယ်။ ကောင်းကင် အမြင့်ကြီးက ရွာချလာတဲ့မိုးစက်တွေဟာ ပင်လယ်ဆားငံရေထဲကို ပျော်ဝင် ပေါင်းစပ် သွားကြတယ်။ အေးမြမှုတွေနဲ့အတူ ဂျွန်လရဲ့မိုးပန်းတွေဟာ အပြိုင်း အရိုင်း ဖူးသစ်လာပါတော့တယ်။
ကျွန်မတို့ရဲ့ စာသင်နှစ် ဒုတိယနှစ်ဝက် ရောက်ရှိလို့ လာပါပြီ။ တက္ကသိုလ် မြေပေါ်မှာ ရောင်စုံထီးကိုယ်စီနဲ့ ကျောင်းသူ ကျောင်းသားများစွာရဲ့ ခြေလှမ်းတွေ လည်း သူတို့ရဲ့ အနာဂတ် အိပ်မက်ရောင်စုံအတွက် စာသင်ဆောင်အသီးသီးဆီ တစ်ဖန် ဦးတည်လို့ပေါ့။
ကျွန်မ အဆောင်ကို ရောက်တဲ့နေ့မှာ မိုးမရွာဘူး။ အဆောင် ရောက် ရောက်ချင်း ဘယ်အခန်းက ဘယ်သူတွေ ရောက်ပြီး ဘယ်သူတွေ မရောက်သေးဘူးဆိုတာကို ကျွန်မ မဖြိုးဆီက စုံစမ်းလိုက်တယ်။ မမ မေငြိဏ်းကျော် ရောက်နှင့်နေပြီလို့ ကျွန်မကို အားတက်သရော ပြောပြပါတယ်။ အင်းလေ။ ကျွန်မနဲ့ မမ မေငြိမ်းဟာ တွဲဘက်တွေလို ဖြစ်နေတာကိုး။ သူတို့အမြင်မှာ အရမ်းခင်တဲ့သူအချင်းချင်းမို့ နှစ်ယောက်ဆုံမှာကို ကျေနပ်နေကြတာပေါ့။ ကျွန်မတို့ရဲ့ သီးသန့်ဆန်တဲ့ ပုဂ္ဂိုလ်ရေး ခံစားမှုတွေအထိ လူတိုင်းက ဘယ်သိနိုင်ပါ့မလဲ။
မမ မေငြိဏ်းကျော်ဟာ ဒီတစ်ခါ စောစောရောက်လို့ပါလား။ ကျောင်း ပြန် ဖွင့်ကာ စဆိုတော့ ထုံးစံအတိုင်း အဆောင်မှာ အဆောင်သူအားလုံး မစုံကြသေးပါဘူး။ ကေသွယ်ကလည်း အေးဆေးမှ ရောက်လာလိမ့်မယ် ထင်တယ်။ အပေါ်ထပ် ရောက်ရောက်ချင်း ကျွန်မရဲ့မျက်လုံးတွေက ဧည့်ခန်းဆီ စူးစမ်း ကြည့်လိုက် တယ်။ မနက် ဆယ်နာရီဝန်းကျင်မို့ မမ မေငြိဏ်း ဧည့်ခန်းမှာရှိမလား ဆိုတဲ့ မျှော်လင့်စိတ်ကလေးနဲ့ပေါ့။
ဟော။ တွေ့ပါပြီ။ လက်ပြတ် အင်္ကျီ အပြာနုရောင်လေးနဲ့ ချည်ထဘီ အနက်ရောင်ကို ပေါ့ပေါ့ပါးပါး တွဲဝတ်ထားတယ်။ ရှည်လျား မဲနက်တဲ့ ဆံပင် အရှည်ကြီးကို ရင်ဘတ်တစ်ခြမ်းပေါ် သိမ်းယူ တင်ထားတယ်။ ဧည့်ခန်းမှာ ကိုယ်ကို ခပ်မတ်မတ်ထားပြီး ခြေချိတ်ထိုင်လို့ စာအုပ်ထဲ အာရုံရောက်နေတဲ့ အမျိုးသမီးကလေး။
YOU ARE READING
မမ မေငြိဏ်းကျော် သိလား vol 1 [Complete]
Romanceမမမေငြိဏ်းကျော်က ကျွန်မနှလုံးခုန်သံရဲ့ ရေသောက် မြစ်ငယ်ပေါ့။သူ စီးဝင်လာခဲ့တယ်။သူ ဝင်ရောက်လာခဲ့ပုံဟာ မြူငွေ့ဆန်လွန်းလို့ အဲ့ဒီညင်သာမှုကို ကျွန်မ မမေ့နိုင်တော့တဲ့အထိပါပဲ။