အခန်း (၁၆)

4.9K 408 7
                                    

အခန်း (၁၆)

မနက် နိုးလာတော့ ကျွန်မ လေနုနုရဲ့ အထိအတွေ့တချို့ကို ခံစား လိုက်ရတယ်။ ကျွန်မ ဘယ်သူ့အိပ်ယာပေါ်မှာ ရောက်နေတယ်ဆိုတာကို သိစိတ် ချက်ချင်း မကပ်သေးပါဘူး။ မျက်လုံးဖွင့် ကြည့်လိုက်မိပြီးမှ ရုတ်တရက် ကျွန်မ သတိရသွားတယ်။ အခန်းထဲက ပြတင်းဟာ ဖွင့်ရက်သားဖြစ်နေတယ်။ မနက်ခင်း လေတွေဟာ ဒီပြတင်းပေါက်က တစ်ဆင့်ဝင်လာတာဖြစ်မှာပဲ။ အပြင်မှာ နေရောင်ဖျော့ဖျော့ လင်းဖြာလို့။

အခန်းထဲမှာ မမ မေငြိဏ်းကို မတွေ့ရပါဘူး။ မမ မေငြိဏ်း ဘယ်ကတည်းက ထသွားမှန်း ကျွန်မ မသိလိုက်ဘူး။ အခန်းထဲက စားပွဲတင်နာရီလေးကို ကြည့်လိုက်တော့ ၇ နာရီ ၄၅ မိနစ်။ ကျွန်မ တော်တော်အိပ်ပျော် သွားတာပါလား။ နောက်ပြီး မမ မေငြိဏ်း ဘယ်မှာလဲ။ ကျွန်မ ချစ်ရသူ ဘယ်မှာလဲ။

အိပ်ယာပေါ်မှာ ထိုင်နေပြီး ကျွန်မရဲ့ ဘေးနေရာလွတ်လေးကို ကြည့်မိတယ်။ မနက်ခင်းတိုင်းမှာ ဒီလိုမျိုး နိုးထလာရရင် ဘယ်လောက် ကောင်းလိုက်မလဲ။ နိုးနိုးချင်း ချစ်ရသူရဲ့ မျက်နှာကို မမြင်ရသေးဘူးဆိုတောင် ချစ်သူနဲ့ တစ်ခန်းတည်း၊ တစ်အိပ်ယာတည်းမှာ ရှိနေခဲ့ရပါလား ဆိုတဲ့ သိမှုနဲ့တင် နွေးထွေးလို့ပါပဲ။ အဲ့ဒီ အသိဟာ နေ့သစ်တစ်နေ့ကို စတင်ဖို့ ခွန်အား ဖြစ်စေမှာပါပဲ။

အိပ်ယာပေါ်က ထလိုက်ပြီး ကျွန်မ အခန်းပြင်ထွက်လာတယ်။ မမ မေငြိဏ်းရဲ့ အခန်းတံခါးကို ပြန်စေ့ပေးထားခဲ့ပြီး ကျွန်မ ရေချိုးခန်း သုံးလိုက်တယ်။ ပြီးတော့မှ ဝရံတာ ထွက်ရပ်ကြည့်တယ်။ ဝရံတာတံခါးကတော့ ဖွင့်ထား ပြီးသားပါပဲ။ မဖြိုးပဲ မနက်စောစော အဆောင်ပေါ် တစ်ခေါက် တက်လာခဲ့တာ လား။ ဒါမှ မဟုတ် မမ မေငြိဏ်းပဲ ဖွင့်သွားခဲ့တာလား ကျွန်မ မတွေးတတ်ပါဘူး။ အခုထိ မမ မေငြိဏ်းကို မတွေ့ရသေးပါဘူး။ အဆောင်ရဲ့ အပေါ်ထပ် တစ်ထပ်လုံးမှာ ကျွန်မ တစ်ယောက်တည်းပဲ ရှိနေပါတယ်။

ညက အချိန် တော်တော်ကြာအောင် မိုးရွာခဲ့ပုံရတယ်။ အခုထိ လမ်းမပေါ်နှင့် အမိုးအကာမဲ့တဲ့ နေရာတိုင်းမှာ စိုစွတ်မှုတွေ ထင်ကျန်နေဆဲပဲ။ နေရောင်ခြည်ဟာ အဲ့ဒီစိုစွတ်မှုတွေကို ပြန်လည် ကုစားပေးနေသလိုမျိုးပဲ။ စိုစွတ်မှုနဲ့ နေရောင် တိုက်ရိုက်ထိတွေ့ရာက ထွက်လာတဲ့ မိုးရာသီ ရနံ့စစ်စစ်ကို လေထဲမှာ ရနေတယ်။ ကျွန်မ လျှောက်ငေးနေစဥ်မှာပဲ လေတစ်သုတ် တိုက်ခတ်သွားချိန် ဝရံတာနဲ့ နီးကပ်နေတဲ့ သရက်ပင်ပေါ်က မိုးရေစက်တွေ နေရောင်ထဲ လွင့်ကျသွားတာကို တွေ့လိုက်ရသေးတယ်။

မမ မေငြိဏ်းကျော် သိလား vol 1 [Complete]Where stories live. Discover now