Unicode
" ညီလေးရေ ... ကြေးအိုးတစ်ပွဲ ... ခေါက်ဆွဲကြော်တစ်ပွဲ ...ထမင်းပေါင်းတစ်ပွဲ ... အကုန်လုံးကို ဝက်သားနဲ့ပဲ လုပ်ပေးနော် "
" ဟုတ်ကဲ့ ...ဒီမှာ စားမှာမို့လား "
" ဟုတ်တယ် ညီလေး "
ထိုလူက စားမည့်အစားအစာများကို မှာပြီးသည်နှင့် ထင့် နောက်ဘက်ရှိ ဝိုင်း၌ သွားထိုင်လေသည် ။ ထိုလူနှင့် ပါလာသည့် အမျိုးသမီးနှစ်ယောက်ကလည်း အတူတူကပ်ပါလျက် ။
သက်ကောင်းလူကတော့ မီးဖိုခန်းထဲ ခေါင်းထည့်၍ မှာထားသည့် အမျိုးအမည်များကို ပြောပြီးမှ ရေသန့်တစ်ဘူးကိုယူ၍ ထ်ိုစားပွဲဝိုင်းသို့ သွားချပေး၏ ။
ယနေ့ကျမှ လာလိုက်သည့် စားသုံးသူများက ဝိုင်းများအပြည့်ပင် ။ ထင် ရောက်လာကတည်းက တစ်ဝိုင်းမှ မလွတ်ဘဲ ထိုင်ခုံအပြည့် ၊ လူအပြည့် ။ သက်ကောင်းလူခမျာလည်း တစ်ချက်လေးမှ မနားရသေးပေ ။ သူများစီးပွားဆိုသော်လည်း သက်ကောင်းလူ ထိုကဲ့သို့ ပင်ပင်ပန်းပန်းလုပ်နေရသည်ကို ထင် သဘောမတွေ့ချေ ။
ထင့်ဘေးနားမှ ဖြတ်သွားသည့် သက်ကောင်းလူ၏ ညာလက်ဖျံကို တစ်ချက်လှမ်းကြည့်မိတော့ ဒဏ်ရာ၏အခြေအနေက သိပ်မဆိုးပေ ။ လမ်းလျှောက်နေသည့်ပုံကလည်း ရုပ်ပျက်ဆင်းပျက် ဖြစ်မနေသဖြင့် ခြေထောက်ရှိဒဏ်ရာကလည်း သက်သာပုံ ။တော်ပါသေးသည်ဟု စိတ်ထဲမှ ရေရွတ်လိုက်မိ၍ မှန်ကန်သောဆုံးဖြတ်ချက်ကို ဆုံးဖြတ်မိ၍လည်း ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်၍မဆုံး ။
" ဘာနဲ့စားမှာလဲ "
တုံးတိထွက်လာသံ ။
ဘယ်သူ့ကို မေးတာလဲဆိုပြီး မျက်လုံးကစားမိလိုက်တော့ ဝိုင်းစက်တဲ့မျက်လုံးတွေက ထင့်ကို တည့်တည့်ကြည့်လို့ ။
ထင် လက်ညှိုးဖြင့် ကိုယ့်ကိုယ်ကိုယ် ထိုးပြလိုက်တော့ ခေါင်းလုံးလုံးလေးက ညိတ်ချလိုက်သည်မှာ ဆတ်ခနဲ ။
" နောက်မှ "
ထင် ထိုသို့ဖြေလိုက်တော့ မျက်နှာလေးက ခဏတာမျှ တွေခနဲ ဖြစ်သွားသည် ။ ထို့နောက်တွင် ဆိုင်အတွင်း ဟိုဟိုသည်သည် ဝေ့ကြည့်ပြီးမှ ထင့်စားပွဲနားသို့ ခြေလှမ်းနှစ်လှမ်းမျှ တိုးလာ၏ ။

YOU ARE READING
My Green Forest ( Complete)
Romanceကန္တာရထဲက လူတစ်ယောက် ကႏၱာရထဲက လူတစ္ေယာက္ (သက်ကောင်းလူ) ဒီနေ့... မနက်ဖြန်... သန်ဘက်ခါ... ကျန်ရှိတဲ့နေ့ရက်တိုင်းမှာ ကျွန်တော့်အချစ်တွေနဲ့ ထင့်ကို မွမ်းမံပါမယ်...။ (အလက်ဇန်းဒါးထင် ) ပျော်ရွှင်သည့်အချိန်... ဝမ်းနည်းသည့်အချိန်... အားငယ်သည့်အချိန်... အထီ...