Episode (25)

3.4K 334 80
                                        

Unicode

" ပါး ကျွန်တော့်ကိုဆူမယ်ထင်တယ်...မား "

သက်ကောင်းလူ၏ အမေးစကားထဲတွင် စိုးရိမ်ဟန်အပြည့် ။ စိတ်မချစွာဖြင့် နောက်ဘက်ကိုလည်းလှည့်ကြည့်နေသေး၏ ။  မတော်တဆ ပါး နိုးလာခဲ့လျှင်အခက်ပေ ။

ဒေါ်သက်ထားဆွေက သက်ကောင်းလူ၏အမေးစကားကို ချက်ချင်းမဖြေသေးဘဲ ရေခဲသေတ္တာရှေ့သို့ ခန္ဓာကိုယ်ကိုငုံ့ချလိုက်သည် ။

" ပေါင်ပေ့က ဘာအမှားလုပ်လို့ ပါးကဆူရမှာလဲ "

" ပါးကမကြိုက်ဘူးမို့လား "

ထွက်လာသံမှာခပ်တိုးတိုး ။ ဒေါ်သက်ထားဆွေက ရေခဲသေတ္တာထဲရှိ ကြက်အူချောင်းထုပ်ကိုလှမ်းယူပြီးမှ နောက်ဘက်သို့လှည့်ကြည့်သည့်အခါ ပေါင်ပေ့၏အကြည့်နွမ်းနွမ်းနှင့် ဆုံလေသည် ။

" ပါးကို မားပြောပေးလို့ရပါတယ် ပေါင်ပေ့ရဲ့ ၊ ပေါင်ပေ့ကမဟုတ်တာသွားလုပ်မှာ မဟုတ်ဘူးလေ ၊ မားက ပေါင်ပေ့ အခုလိုမျိုးလူငယ်သဘာဝ သွားသွားလာလာလုပ်တာကို ဝမ်းသာနေတာ "

စကားဆုံးမှ လက်ထဲရှိ ကြက်အူချောင်းထုပ်လေးကို လှုပ်ခါလိုက်ကာ

" ဒါက ကြက်အူချောင်း...ရေခဲသေတ္တာထဲမှာဝက်အူချောင်းလဲရှိသေးတယ် ၊ မနက်ဖြန်မနက်ကျမှ ကြော်လိုက်မယ် ၊ ဝက်သားနဲ့ကြက်သားကို ဘယ်လိုစားချင်လဲ ...ပေါင်ပေ့ "

သူက ကြက်သားပြုတ်ကြော်ကိုအကြိုက်ဆုံးဖြစ်သော်လည်း အခြားဟင်းလျာများကိုလည်း စားသည်ပင် ။ သို့သော်  ထင့်အကြိုက်ကိုမသိသဖြင့် ဖြေရခက်၏ ။

" ဘယ်လိုထည့်သွားရင်ကောင်းမလဲ...မား "

မားက ခဏစဉ်းစားပြီးမှ

" အသားတွေကိုပြုတ်ပြီးမှ ဆီပူထိုးပြီးကြော်ပေးမယ် ၊ ပေါင်ပေ့နဲ့အတူတူ အလုပ်လုပ်ကြတဲ့ကလေးတွေက ဝက်သားစားကြရဲ့လား "

စိတ်မလုံမှုကြောင့် မား၏မျက်နှာကိုတည့်တည့်မကြည့်ရဲ ။ အကြည့်ကို ကြမ်းပြင်အပေါ်သို့ ပြောင်းပြီးမှ ခေါင်းကိုညိတ်ပြ
မိ၏ ။ ထင်နှင့်သူနှစ်ယောက်တည်းသွားမည့်အကြောင်းကို အမှန်အတိုင်းမပြောရဲပေ ။ သူငယ်ချင်းများနှင့်အတူတူသွားမည်ဟုသာ ပြောထားမိ၏ ။ မားထက်ပါးကိုကြောက်၍ လိမ်ပြောမိခြင်းသာ ။

My Green Forest ( Complete) Where stories live. Discover now