Episode (41)

2.7K 309 80
                                    

Unicode

ခေါင်းထက်ကို လေးလံသော အရာဝတ္ထုတစ်ခုနှင့် ဖိထားသကဲ့သို့ ခံစားနေရကာ ရင်ဘတ်ထဲတွင်လည်း စိုးထိတ်ကြောက်ရွံ့လျက် ။ အရောင်တဖိတ်ဖိတ်လက်နေသောကြမ်းပြင်ကိုသာ မျက်လုံးမလွှဲကြည့်နေမိသော်လည်း စိတ်အာရုံများမှာတော့ ကစဉ့်ကလျား ။

" ဟုတ်ကဲ့...ဟုတ်ကဲ့ပါခင်ဗျာ "

မျက်နှာချင်းဆိုင်ထိုင်နေသည့်အမျိုးသားကြီးက ဖုန်းချပြီးသည်နှင့် ထင့်ကိုလှမ်းကြည့်လာ၏ ။

" လူကြီးမင်းက ဝင်လာခဲ့တော့လို့ ပြောပါတယ် "

ထင် ခေါင်းလည်းမညိတ် ၊ ခေါင်းလည်းမခါဘဲ ထိုလူကြီး၏မျက်နှာကိုကြည့်နေမိ၏ ။

" လူကြီးမင်းကို စောင့်ရအောင်မလုပ်ပါနဲ့ "

ခပ်ဆတ်ဆတ်ထွက်လာသည့်အသံကြောင့် ထင် ပြုံးရုံလေးပြုံးမိတော့ ထိုလူကြီး၏မျက်နှာက ရုပ်ဆိုးစွာပျက်ယွင်းသွားကာ အကြည့်များမှာလည်း စူးစူးရှရှ ။ ထင့်ကိုကြည့်နေသည့် ထိုလူကြီး၏အကြည့်ထဲတွင် အထင်သေးနှိမ့်ချဟန်အပြည့် ။ စက္ကန့်အနည်းငယ်ကြာ ထိုင်နေပြီးမှ သက်ပြင်းတစ်ချက်ချကာ ထင် မတ်တတ်ထရပ်မိ၏ ။

နဂါးရုပ်ထွင်းထားသော ကျွန်းတံခါးကြီးက ထင်၏ သိမ်ငယ်စိုးရိမ်မှုများကို ပို၍ပင်တိုးပွားလာစေခဲ့သည် ။ ရှောင်လွှဲမရနိုင်၍ သည်အိမ်ထိရောက်လာပြီဆိုမှတော့ အကောင်းဆုံးရင်ဆိုင်ရုံသာရှိတော့၏ ။ ပေါင်ပေ့၏မျက်နှာလေးကို မျက်လုံးထဲမြင်ယောင်လာပြန်တော့ အံကိုကြိတ်မိပြန်သည် ။ သူ့လက်ကို မလွှတ်ချင်လွှတ်ချင်ဟန်ဖြင့် လွှတ်ပေးလိုက်သော်လည်း ပေါင်ပေ့က မည်သည့်မေးခွန်းကိုမှ မမေးခဲ့ပေ ။ ထိုအစား " ကျွန်တော် စောင့်နေမယ် " ဆိုသည့် စကားကိုသာ ခပ်တိုးတိုးပြော၍ ယဲ့ယဲ့လေးပြုံးပြခဲ့သေးသည် ။

ကိုယ့်ကိုစိတ်ချပါ ပေါင်ပေ့ ။ ကိုယ်က မင်းဆီကို အမြန်ဆုံးပြန်လာခဲ့ပါမယ် ။

ဝတ်ထားသည့်အင်္ကျီကို အနည်းငယ်ပြုပြင်ပြီးမှ ခြေလှမ်းများကိုလည်း မျက်နှာချင်းဆိုင်အရပ်သို့ ဦးတည်မိ၏ ။ ထိုအခန်းက ခြေလှမ်းဆယ်လှမ်းခန့်သာ ကွာဝေးသောအရပ်တွင်ရှိနေသော်လည်း ယူဇနာအများကြီးကွာခြားသည့်နေရာကိုသွားနေရသကဲ့သို့ စိတ်နှလုံးကို နွမ်းလျစေပါသည် ။ တစ်ဝက်ခန့်လျှောက်ပြီးချိန်တွင် ခြေလက်များမှာ စတင်၍တုန်ယင်လာသောကြောင့် ခဏရပ်လိုက်ကာ အသက်ပြင်းပြင်းရှူရှိုက်ပြီး ရင်ဘတ်အပေါ်သို့လက်တင်လိုက်ရင်း

My Green Forest ( Complete) Where stories live. Discover now