စင်္ကာပူနိုင်ငံ၏ စည်ကားသည့် လမ်းမထပ်မှာ အနက်ရောင်ကားလေးတစ်စီးက ပုံမှန်အတိုင်း ခပ်ငြိမ့်ငြိမ့်လေး သွားနေတယ်။ညနေဆည်းဆာ၏ အလှကလည်း လမ်းမပေါ် ဖြာကျနေတယ်။
" မနက်ဖြန်ပြန်ဖြစ်တယ်မလား ကို။ Flightအတွက် လက်မှတ်က အဆင်သင့်ပဲ။ "
မြတ်နိုးပွင့်ဆိုတဲ့ ခပ်ချောချော အမျိုးသမီးဆီက ထွက်လာတဲ့ စကားသံ။Driver Seatမှာ ထိုင်နေသူအမျိုးသားက steering wheelကို ခပ်ဖွဖွ ဆုပ်ကိုင်ထားရင်းမှ ခေါင်းငြိတ်ပြတယ်။
" အင်း ...ဒီဘက်မှာရှိတဲ့ ကိုယ့်အလုပ်ကိစ္စလည်း ပြီးပြီလေ။ မြတ်နိုးပြန်ချင်ရင်လည်း ပြန်ကြတာပေါ့။ ကိုယ်က မြတ်နိုး ဒီမှာ အလည်အပတ်သွားချင်သေးမယ် ထင်လို့။ "
ကြည်လင်သည့် လေသံနဲ့ အကျိုးသင့်အကြောင်းသင့် ထွက်ပေါ်လာသည့်စကား။ မြတ်နိုးပွင့်က နားကြားညှပ်ထားတဲ့ ဆံနွယ်ရှည်တွေကို တစ်ချက်လက်နဲ့သပ်တင်လိုက်ပြီးမှ ခေါင်းရမ်းပြသည်။
" မြတ်နိုးလည်း လည်ချင်ပေမယ့် ဟိုမှာDutyလဲထားတာက ရက်ပြည့်နေပြီ ကိုရဲ့။ မနက်ဖြန် ပြန်ရင်တောင် Night Dutyချက်ချင်းဝင်ရမှာ။ "
" ကောင်းပါပြီ။ ညနေစာ စားပြီးမှ မြတ်နိုး တည်းတဲ့Hotelကို ပြန်လိုက်ပို့ပေးမယ်နော်။ "
" အင်း ... ကို ဆံပင်ရှည်နေပြီနော် ... "
မြတ်နိုးပွင့်က တည်တံ့နောင်၏ ဆံပင်ကို ရုတ်တရက် ထိကိုင်မလို လက်လှမ်းလိုက်တော့ ဆံပင်ကို မထိမိခင် တည်တံ့နောင်က ခေါင်းကို အနည်းငယ် တိမ်းရှောင်လိုက်တယ်။
" ဆောရီး ... "
ခေါင်းကို ထိတာ မကြိုက်မှန်း သိသာတာမို့ မြတ်နိုးပွင့်က ယဥ်ကျေးစွာပဲ တောင်းပန်စကား ဆိုလိုက်တယ်။တည်တံ့နောင်က ချောင်းဟန့်လိုက်ပြီးမှ ပုံမှန်လေသံဖြင့် ပြန်ပြောလာတယ်။
" အင်း ... ကိုယ် မြန်မာပြည်ပြန်ရောက်မှ ညှပ်လိုက်မယ်။ "
သာမန်မိတ်ဆွေတွေလိုခင်မင်ရုံ အဆင့်ကနေ စတင်ခဲ့သည်မို့လား မသိပေမယ့် စေ့စပ်ထားသည်ဆိုသော်ငြား မြတ်နိုးပွင့်နဲ့ တည်တံ့နောင် ကြားမှာ လိုအပ်သည်ထပ်ပိုပြီး အထွေအထူး ဆက်ဆံရေးမရှိပေ။ အလုပ်ကိစ္စကြောင့် လာကြသူချင်း ဆုံမိလို့ စကားပြောဆိုသည့်အဆင့်တင်သာ ရှိတယ်။