" ဦးငယ်ကဗျာ ... ကျွန်တော်ဆိုင်ကယ်ပါ,ပါတယ်ဆို။ လွန်းနဲ့ စကားပြောချင်သေးတာကိုဗျာ။ဇွတ်အတင်းပြန်လိုက်ပို့နေတာ။ "
ကားပေါ်က driver seat ထိုင်ရင်းမှ မာန်ထက်က မကျေမနပ်နဲ့ ကလေးဆိုးကြီးလို အပူကပ်ပြောနေသည်။ပုံမှန်ဆို တည်တံ့နောင်က မာန်ထက်အပူကပ်ရင် လိုက်လျောတာများသည်။အခု တည်တံ့နောင်က ကားကိုသာ အာရုံစိုက်မောင်းနေသည်။
" ဦးငယ် ... လူငယ်တွေကြား ဝင်ပါတာအစ်မမြတ်နိုးပွင့်နဲ့တိုင်ပြောဦးမယ် ဟင်း!!!။"
" မာန်ထက် တိတ်တိတ်ကလေးနေပေးပါ့လား ဟမ်။ငါတောင်းဆိုပါတယ်။ အာရုံတွေပျံ့အောင် မလုပ်ပါနဲ့။သိပ်စိတ်ညစ်နေလို့ပါ။ "
တစ်လမ်းလုံးဆူညံလာသော မာန်ထက်က တည်တံ့နောင်အခုလို ပြောလာတော့ ချက်ချင်း ငြိမ်ကျသွားပြီး တည်တံ့နောင်၏ မျက်နှာကို အကဲခတ်လာသည်။
" ဦးငယ် တစ်ခုခုဖြစ်လို့လား။ ဘာပြသနာရှိလို့လဲ။ ကျွန်တော့်ကိုပြောပြလေ။"
မာန်ထက်ပုံစံက ခုဏကနဲ့မတူစွာ ချက်ချင်းပင် ပြောင်းလဲသွားသည်။ အသက်ကွာခြားချက်ကြောင့် လေးစားမှုရှိပေမယ့် မာန်ထက်က တည်တံ့နောင်နဲ့ အရင်ထဲက သူငယ်ချင်းလို ပွင့်လင်းစွာ ပြောဆိုတိုင်ပင်တက်သည်။
" ဟုတ်တယ် ... ငါတစ်ခုခုဖြစ်နေတယ်။ အဲ့ဒီတစ်ခုခုက ငါ့အသက်နဲ့ထပ်တူလောက် အရေးကြီးတဲ့အရာပဲ။ အခု မင်းနားလည်အောင် ငါပြောပြဖို့ ကြိုးစားနေတာ။"
တည်တံ့နောင်က လူရှင်းသည့်နေရာအရောက်မှာ ကားကိုရပ်လိုက်သည်။မာန်ထက်နဲ့ သေချာပြောရမှ ဖြစ်မည်မို့ ဒီနေရာရောက်သည်အထိ တည်တံ့နောင် သည်းခံလာခဲ့တာ။ မာန်ထက်ကို မလိမ်ညာချင်ဘူး။
တည်တံ့နောင်က ကားပေါ်က ဆင်းလိုက်တော့ မာန်ထက်ကပါ ဆင်းလိုက်ပြီး တည်တံ့နောင်ရှိရာဆီ လာသည်။ လမ်းတစ်လျှောက် အသွားအလာ နည်းသည်မို့ ဆူညံမနေပေ။သစ်ပင်ခပ်အုပ်အုပ်တွေအနားမှာ တည်တံ့နောင်က ရပ်လိုက်ပြီး မာန်ထက်နဲ့ မျက်လုံးချင်းဆုံကြည့်သည်။