" မိုးက တော်တော်လေး သည်းနေတာ။ ဒီအတိုင်း မောင်းသွားလို့ ရပေမယ့် အန္တရာယ်ဖြစ်နေလိမ့်မယ်။ အနီးအနားမှာ Hotelရှာလိုက်ပြီး ညအိပ်လိုက်မလား။ မနက်စောစောမှ လိုက်ပို့ပေးမယ်လေ။ "
တည်တံ့နောင် ပြောသည်မှာ သဘာဝကျသည်မို့ လေးမြတ်လွန်းက မငြင်းပါ။
" ဟုတ်ကဲ့ ... အဲ့လိုလုပ်လိုက်မယ်လေ။ ဒါပေမယ့် ဒီဘက်ပိုင်းတွေမှာ Hotelတွေ မရှိလောက်ဘူးနော်။ "
လေးမြတ်လွန်းက ရှင်းလင်းနေတဲ့ လမ်းကိုကြည့်ပြီး ပြောလာသည်။ တည်တံ့နောင်လည်း အဲ့လိုပဲ ထင်ပါသည်။ အခုရောက်နေသည်က လမ်းတစ်လျှောက်လုံးလည်း ခပ်ရှင်းရှင်း ဖြစ်နေသည်လေ။တစ်ချို့နေရာတွေမှာ ဓါတ်ဆီဆိုင်လောက်သာ တွေ့ရသည်။တည်တံ့နောင်ကိုပါ ဒုက္ခပေးမိသလို ဖြစ်သွားသည်ကြောင့် လေးမြတ်လွန်းက ခပ်တိုးတိုး ပြောသည်။
" ဒုက္ခပေးမိသွားပြီ။ "
တည်တံ့နောင်က လေးမြတ်လွန်းကို စကားပြောဖို့ပေမယ့် ချက်ချင်းကြီး ထိုးရပ်သွားတဲ့ ကားကြောင့် ပြောမယ့်စကားက ပြတ်တောက်သွားသည်။ မိုးတွေ တအားသည်းနေတာကြောင့် လမ်းကိုတောင် တော်တော်လေး ကြည့်ယူနေရတာ။
" ငါဆင်းကြည့်လိုက်မယ်။ "
တည်တံ့နောင်က ကုတ်အကျီကိုသာ ခေါင်းအထပ်မှ ကာလိုက်ပြီး ကားပေါ်က ဆင်းသွားသည်။ ကားမီးအရောင်ဖြင့် သေချာ ကြည့်ယူမှ ကားဘီးပေါက်မှန်းသိသည်။ ကားဘီးပေါက်တာ အကြောင်းမဟုတ်ပေမယ့် လေးမြတ်လွန်း ဒုက္ခများမှာ ဆိုးသည်။
" ကားဘီးပေါက်သွားတာ။ အပိုဘီးရှိပေမယ့် Tools Boxမပါဘူး။ ဘယ်လိုလုပ်ချင်လဲ လေးမြတ်လွန်း။ "
မိုးရေထဲ ခဏရပ်ရုံဖြင့် တည်တံ့နောင်၏ ပုဆိုးတွေမှာ ရေညှစ်ချလို့ရသည်အထိ မိုးရေတွေ ရွဲနစ်နေသည်။လေးမြတ်လွန်းလည်း ဘာမှမလုပ်တက်ပါ။ တည်တံ့နောင်က ဖုန်းထုတ်ပြီး Car Workshopတွေ ဆက်ကြည့်သည်။ လာဖို့ အဆင်ပြေကြပေမယ့် အနည်းဆုံး သုံးနာရီလောက်စောင့်ရမှာပင်။