" လေးမြတ်လွန်း "
တည်တံ့နောင်၏ အသံက တိုးတိုးလေးနဲ့ကြင်နာယုယမှုအပြည့်။လေးမြတ်လွန်း၏ ကျောပြင်ငယ်က တုန်ယင်သွားပြီးမှ အနောက်ကို ခပ်ဖြည်းဖြည်းချင်းလှည့်ကြည့်သည်။ ဖြူဖပ်ဖြူလျော် ဖြစ်နေသော မျက်နှာပြင်တစ်ခုလုံးမှာ မျက်ရည်တွေက အပြည့်။နီရဲနေတဲ့ မျက်လုံးတွေနဲ့ နှာခေါင်းထိပ်ဖျားလေးရဲနေတာကြောင့်သာ ကြောက်စရာကောင်းလောက်အောင် ပြာနှမ်းမသွားခြင်းဖြစ်သည်။
လေးမြတ်လွန်းက ဖခင်ဖြစ်သူဦးမြတ်ထွန်း၏ လက်ကို ဖိဆုပ်ဆွဲထားတာလည်း မလွှတ်ပါ။ ရေနစ်နေတဲ့သူ အားကိုးရာအဖြစ် ကုပ်ကပ်ဆွဲထားသလိုမျိုး။ လေဖြန်းပြီး နာတာရှည် ရောဂါနဲ့ တစ်ခါတစ်ရံသာ သတိလည်လာတဲ့ ဦးမြတ်ထွန်းက
ယခင်အချိန်တွေက စကားမပြောနိုင်ပေမယ့် မျက်လုံးတော့ဖွင့်နိုင်နေသေးပေမယ့် ယခုအချိန်မှာတော့ တစ်သက်တာလုံးအတွက် နှုတ်ဆက်သွားပြီဖြစ်သည်။ဆူညံနေအောင် ငိုနေကြသူတွေကြားမှာ လေးမြတ်လွန်းက အသံမထွက်ပဲ မျက်ရည်သာကျနေသည်။ ခံစားချက်တွေမရှိသလို အိပ်နေရင်း လမ်းလျှောက်နေသူလို မျက်ရည်သာကျနေပေမယ့် ကျန်တဲ့အရာအားလုံးက ငြိမ်သက်နေသည်။
" လင်းလွန်းက ချက်ချင်းပြန်လာခဲ့မယ်တဲ့။ စီစဥ်စရာရှိတာကိုလည်း အကုန်စီစဥ်ခိုင်းပြီးပြီ။မင်းက သားအကြီးဆုံးဆိုတော့ မင်းဘက်ကရော ဘာတွေထပ်ဖြည့်ဆည်းချင်သေးလဲ။ "
လေးမြတ်လွန်းက ခေါင်းရမ်းပြသည်။ ဒါပထမဆုံး တုံ့ပြန်မှုပင်။ ဒီလောက်ပဲ။ တည်တံ့နောင်က လေးမြတ်လွန်းထိုင်နေသည့် အနားကို တိုးကပ်လိုက်ကာ လေးမြတ်လွန်း၏ ပုခုံးကို ခပ်ဖွဖွလေး ဆုပ်ကိုင်ပေးထားသည်။' မင်းအနားမှာ ကိုယ်ရှိပါသေးတယ်' ဆိုတဲ့ အားပေးနှစ်သိမ့်မှုမျိုး။
ဆေးရုံက ပျောက်သွားတဲ့ လေးမြတ်လွန်းကို တည်တံ့နောင်နဲ့ဒေါ်မြတ်ထား လိုက်ရှာကြရင်းမှ ညနေစောင်းမှ ဒီလိုအဖြစ်တွေကို သိရတဲ့အဖြစ်။
............................
လေးမြတ်လွန်းက ခြံထဲက ဒါန်းပေါ်မှာ ထိုင်နေရင်း ဘယ်ဖက်ကိုပဲ မျက်နှာမူထားသည်မှာ နှစ်နာရီနီးပါးရှိနေပြီ။ ထိုပုံစံအတိုင်း မလှုပ်မယှက်နဲ့ ထိုင်နေတာ။ နဂိုကမှ စကားနည်းတဲ့ ကောင်လေး၊ အခုလို နာကျင်ရတာတွေများတော့ လုံးဝ တိတ်ဆိတ်သွားသည်။