အခုဆို လေးမြတ်လွန်းက တည်တံ့နောင်အတွက် နေ့တိုင်း နေ့လည်စာထမင်းဗူးထည့်ပေးသလို တည်တံ့နောင်လည်း လေးမြတ်လွန်း ချက်ပေးတာတွေနဲ့ အကျင့်ဖြစ်နေပြီ။ တည်တံ့နောင်၏ အလုပ်ပြန်ချိန်ကလည်း လေးနာရီနဲ့လေးနာရီခွဲကြား ပုံမှန်လိုတောင် ဖြစ်နေပြီ။အိမ်ပြန်လိုက်တိုင်း ကိုယ့်ကို မျှော်နေတဲ့ တစ်စုံတစ်ယောက်ရှိတဲ့ ခံစားချက်က ရင်ထဲနွေးနွေးထွေးထွေး။ အဲ့ဒီတစ်စုံတစ်ယောက်က ကိုယ့်အသည်းနှလုံးထဲထိ နစ်ဝင်နေအောင် ချစ်ရသူဆိုတော့ တည်တံ့နောင်အတွက် စိတ်ချမ်းမြေ့စရာတွေချည်း ပြည့်နှက်နေတာ။
မနက်ဖြန်တစ်ရက်ပြီးရင်ပဲ လေးမြတ်လွန်း၏ တတိယနှစ်စာမေးပွဲက ပြီးပြီမို့ လေးမြတ်လွန်း တောင်းဆိုထားသည့်အတိုင်း သူ့ကို တစ်ရက်လုံး အချိန်ပေးဖို့အတွက်လည်း တည်တံ့နောင်က အလုပ်တွေ ရွှေ့ထားရတယ်။ဒီကောင်လေးက အခုလို တောင်းဆိုတာ ရှားပါးလွန်းသည်မို့ သူတောင်းဆိုခိုက်လေး အပြည့်အဝ လိုက်လျောပေးချင်ပါသည်။
လေးမြတ်လွန်းအတွက် အားဆေးနဲ့ အသီးအချို့ ဝယ်ခဲ့ပြီး ဆိုင်ထဲက အထွက်မှာ ဖုန်းဝင်လာသည်မို့ တည်တံ့နောင်က ကိုင်လိုက်သည်။
' ဟုတ်ကဲ့ အဒေါ်ပြောပါ။ '
' မောင်တည်တံ့နောင်ရေ ကလေးကဖျားနေလို့။ စာမေးပွဲဖြေပြီး ပြန်လာထဲက အိပ်ယာထဲမှာ အခုထိ ထ,မလာဘူး။ ကိုယ်ပူရှိန်လည်း တက်လာတယ်။ နေကပူပူမှာ မိုးရွာလိုက်တော့ ရာသီဥတုကြောင့် အပူရှပ်သွားပုံပဲ။ အရမ်းတော့ စိတ်ပူစရာမလိုပါဘူး။အဲ့ဒါ မင်း စောစောလေးပြန်လာဖို့ အဒေါ်ကဖုန်းဆက်တာ။ '
တည်တံ့နောင် ရင်ထဲပူသွားသည်။ ဒီကောင်လေး ခဏခဏဖျားလွန်းသည်။ အခုလည်း ကျောင်းစာကြောင့် ပင်ပန်းတာရော၊ ရာသီဥတုမမှန်တာရောကြောင့် နေမကောင်းဖြစ်သွားသည် ထင်ပါသည်။
' ဟုတ်ကဲ့ အဒေါ် ... ကျွန်တော်ပြန်လာနေပြီနော်။ ကလေးအနားနေပေးလိုက်ပါဦး။ ဆေးလည်းတိုက်ထားပေးပါဦး။ '