" တည်တံ့နောင်ကို အခုထိ ဖုန်းခေါ်လို့မရသေးဘူးလား။ "
အစ်ကိုအကြီးဆုံးဖြစ်သူ တည်မြဲနိုင်က မေးလာတော့ နှင်းဆီမောင်က ခေါင်းရမ်းပြသည်။တည်တံ့နောင် ကိစ္စကြောင့် အခုအစ်ကို၊အစ်မတွေပါ ရှမ်းပြည်မှ အလုပ်တွေပစ်ပြီး မန္တလေးရောက်နေကြသည်။
" သူက ဖုန်းဝင်တာကို မကိုင်တာ အစ်ကိုကြီး။ "
အသက်၄၅နှစ်အရွယ် တည်မြဲနိုင်က သက်ပြင်းချကာ ခေါင်းကို ဖြည်းညင်းစွာရမ်းသည်။ ကလေးလည်း မဟုတ်ပါတော့ပဲ ပြောရခက်နေသော တည်တံ့နောင်ကိုသာ အံ့သြမိသည်။
" ဟိုနားမတ်တပ်ရပ် ၊ ဒီနားမတ်တပ်ရပ် လုပ်မနေနဲ့။ အိန္ဒြေရရ ထိုင်နေစမ်း။ "
" ဟုတ်ကဲ့ အစ်ကိုကြီး "
တည်တံ့နောင်ကို စိတ်ပူစိတ်ဖြင့် တမျှော်မျှော်ဖြစ်နေသော နှင်းဆီမောင်က တည်မြဲနိုင် ပြောလိုက်မှ ဧည့်ခန်းမှာ နေရာတကျ လာထိုင်သည်။ မာန်ထက်၏ လက်ကိုလည်း အားကိုးစွာ ကိုင်ထားသေးသည်။
" သူအခုလို ဖြစ်နေတာ ဟိုကောင်လေး ထွက်သွားထဲကလား။ "
နှင်းဆီမောင်က ခေါင်းငြိမ့်သည်။
" ဟုတ်တယ် အစ်ကိုကြီး။ ကောင်လေး ထွက်သွားခါစ ငါးရက်လောက်ကတော့ ဒီလိုကြီး မဆိုးပါဘူး။ စကားမပြောပဲ အလုပ်တွေပဲ ဖိလုပ်နေတာ။ ညဥ့်နက်ပြီဆိုရင် ဟိုအိမ်ကို ပြန်သွားတက်တယ်။ မနက်ဆိုရင်တော့ ဒီကိုခဏတဖြုတ်ပြန်လာတယ်။ညီမလေးလည်း အစက မြတ်နိုးပွင့် မိဘတွေ စကားကြောင့် စိတ်ထိခိုက်ပြီး ငြိမ်နေတယ်ထင်တာ။ တကယ်က အဲ့လိုမဟုတ်ဘူး။ ကောင်လေးကြောင့် စိတ်ထိခိုက်နေတာ။ ဒီလိုကြီးဆိုးလာတာက သုံးရက်လောက်ပဲ ရှိသေးတယ်။ အစ်ကိုကြီးတို့က ယောကျ်ားလေးချင်းဆိုတော့ စကားပြောကြည့်ရင် ပိုအဆင်ပြေမယ် ထင်တယ်။ တစ်သက်နဲ့တစ်ကိုယ် တည်တံ့နောင် အခုလို ပြိုလဲနေပုံကို မမြင်ဖူးခဲ့တော့ ရင်ထဲလည်း မချိဘူး။ ညီမလေး သဘောကတော့ မေမေ့လိုပါပဲ။ သူမှမပြတ်နိုင်ရင် တစ်ဖက်က ကလေးနဲ့ ခွင့်ပြုပေးရမှာပဲ။ တည်တံ့နောင်ကို အခုလို မမြင်ချင်တော့ဘူး။တည်တံ့နောင်လည်း အသက်အရွယ်ရော၊ပညာအရည်အချင်း အကုန်ပြည့်စုံနေပြီပဲ။ အမှားအမှန် သူခွဲခြားနိုင်ပါတယ်။ သူစိတ်များ ပြန်လည်လာမလားလို့ အစ်ကိုကြီး စကားပြောကြည့်ပေါ့။ "