နှင်းဆီမောင်က ခန်းစီးစကို အပေါ်ဆွဲတင်လိုက်ကာ ပြတင်းပေါက်တံခါးကို ဖွင့်လိုက်တော့ နေရောင်ခြည်စူးစူးက တည်တံ့နောင်၏ မျက်နှာပေါ် ကျရောက်လာသည်။နေထိုးနေသည်မို့ တည်တံ့နောင်က မျက်လုံးကို လက်နဲ့ကွယ်လိုက်ပြီးမှ အခြေအနေကို အသားကျအောင် ငြိမ်နေလိုက်သည်။
" အစားပျက်၊အအိပ်ပျက်နဲ့ မိုက်တုန်းက မိုက်ပြီး အခုမှ အတိုးချအိပ်မနေနဲ့။ မနက်ရှစ်နာရီထိုးနေပြီ။ "
အိပ်ယာပေါ်က အပုံလိုက်ရှိနေတဲ့ စောင်ကိုခေါက်ရင်းမှ နှင်းဆီမောင်က ပြောလာသည်။ ဒီရက်တွေမှာ အရက်တွေချည်း လူမှန်းမသိအောင်သောက်ပြီး အိမ်ကလူတွေနဲ့ မျက်နှာချင်းမဆိုင်ချင်တာမို့ အလုပ်ကို ခပ်စောစောထွက်သွားတာတွေကြောင့် အိပ်ရေးပျက်တာပါ ပေါင်းကာ တည်တံ့နောင်၏ ခေါင်းတစ်ခုလုံးက မူးနောက်နေသည်။အသံတွေကြားနေရပေမယ့် ထဖို့အတွက် အားယူနေရသည်။
" ဧည့်သည်ကို အားမနာတော့ဘူးလား။ "
" ဧည့်သည် ... ဘယ်ကဧည့်သည်လဲ။ "
ဘာမှ မှတ်မိပုံ မပေါ်တာကြောင့် နှင်းဆီမောင်မှာ သက်ပြင်းသာ အကြိမ်ကြိမ်ချမိပါသည်။
" လေးမြတ်လွန်း ရောက်နေတယ်။ ညထဲက ... "
နှင်းဆီမောင်က ပြောလိုက်မှ တည်တံ့နောင်က ဝရုန်းသုန်းကားနဲ့ လှဲနေရာမှ ထသည်။ ပြီးနောက် ထပ်မံအတည်ပြုချင်ဟန် မေးလာသည်။
" လေးလား ... ငါ့ရဲ့လေးလား။ "
နှင်းဆီမောင်က တည်တံ့နောင်ကို မကြည့်ပဲ ခေါင်းအုံးတွေ စီနေရင်းမှ ပုံမှန်လေသံနဲ့ဖြေတယ်။
" အေး ... ကောင်လေးက ညထဲက ရောက်နေတာ။ နင့်ကို အခန်းထဲ လိုက်ပို့ပြီး နင်ဘယ်လောက်ထိ မူးရူးပြီး ရစ်နေလဲမသိဘူး ဆယ့်တစ်နာရီကျော်လောက်မှ နင်အခန်းထဲက ထွက်လာရလို့ ညဥ့်နက်နေလို့ ဒီမှာပဲ မေမေက အိပ်ခိုင်းလိုက်တာ။ အခုထိ မပြန်ရသေးဘူး။ မေမေက နင်ပြန်ပို့ပေးလိမ်မယ်လို့ ပြောတယ်။ "