ယောကျ်ားလေးနှစ်ယောက်ဖြစ်တာမို့ လက်ထပ်ခြင်းမှာလည်း များများစားစား ပြင်ဆင်စရာမရှိပေ။လေးမြတ်လွန်း စိတ်တိုင်းကျ မင်္ဂလာဦးအဖြစ် တည်တံ့နောင်၏ အိမ်မှာပဲ ဆွမ်းကပ်လိုက်သည်။ မိဘမဲ့ကျောင်းမှာ မင်္ဂလာဦးအလှုူအဖြစ် တစ်လစာ စားစရိတ်ကို လှုူဒါန်းသည်။
လေးမြတ်လွန်းဘက်က မိဘတွေ မရှိတာမို့ ဒေါ်မြတ်ထားနဲ့ဒေါ်တင်ဇာကိုပဲ မိဘအနေနှင့် သဘောထားကာ မင်္ဂလာပွဲကို ဖိတ်ထားသည်။တည်တံ့နောင်က လေးမြတ်လွန်းကို စိတ်မချတာကြောင့်အပြင် အတူတူနေချင်လှတာရော ၊လေးမြတ်လွန်းဘက်ကလည်း တည်တံနောင်နဲ့ မခွဲချင်သည်ကြောင့် လက်ထပ်ခြင်းက ထင်မှတ်မထားလောက်အောင် မြန်သွားသည်။
သခွားရောင်အပေါ်မှာ အစိမ်းနုရောင်ချည်ဖောက်ထားသော ပုဆိုးဆင်တူကို နှစ်ယောက်လုံးက ဝတ်ဆင်ထားသည်။ လေးမြတ်လွန်းက ရှပ်အကျီလက်ရှည်အဖြူကို ဝတ်ထားပြီး တည်တံ့နောင်ကတော့ လက်ရှည်အပေါ်မှာ တိုက်ပုံအကျီအဖြူ ထပ်ဝတ်ထားသည်။
" လေး ... နားလေ ... ပန်းကန်တွေ ကိုယ်သိမ်းလိုက်မယ်။ "
ဘုန်းကြီးဆွမ်းကပ်နဲ့အသိမိတ်ဆွေအနည်းငယ်ပဲ ဖိတ်ထားသည်မို့ သီးသန့်အလုပ်သမား မငှားတော့ပဲ အိမ်သားတွေကသာ အားလုံးတာဝန်ယူကြသည်။နှင်းဆီမောင်က ပန်းကန်တွေဆေးပေးနေပြီး အစ်မလတ်ဖြစ်တဲ့စံပယ်နွယ်က သန့်ရှင်းရေး လုပ်နေသည်မို့ လေးမြတ်လွန်းက မီးဖိုချောင်ထဲမှာ နှင်းဆီမောင် ဆေးပြီးသား ပန်းကန်တွေကို တစ်သျူးနဲ့သုတ်ကာ ကူသိမ်ဆည်းပေးသည်။
" ရပါတယ် ဦးနောင်ရဲ့ ... မပင်ပန်းပါဘူး။ "
" ရတယ် ... ကိုယ်လုပ်ထားလိုက်မယ်။ အပြင်မှာ လင်းလွန်းက ထိုင်နေတုန်းပဲ။လေးနဲ့ စကားပြောချင်လို့ ထင်တယ်။ "
တည်တံ့နောင်က လေးမြတ်လွန်းကို ကိုယ်တိုင် ခပ်ဖွဖွလေး ဆွဲထူလိုက်ပြီး လင်းလွန်းဆီ သွားစေသည်။ပြီးနောက် ကိုယ်တိုင်က နှင်းဆီမောင်ကို ကူညီပေးရင်း နေခဲ့သည်။သူတို့တွေ ညီအစ်ကိုချင်း ပြောစရာ ရှိနေမှာပဲလေ။