' ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော် ညနေကျရင် ကိုယ်တိုင်လာတွေ့ပါ့မယ်ခင်ဗျ။ချိန်းထားပြီးမှ ဖျတ်လိုက်ရတဲ့အတွက်လည်း အားနာပါတယ်ခင်ဗျ။ '
တည်တံ့နောင်က ဒေါ်မြတ်ထားကို အကျိုးအကြောင်းပြောပြီးနောက် ဖုန်းချလိုက်တယ်။ ချိန်းထားပြီး ကိုယ့်ဘက်က ပျက်ကွက်မိသည်ဆိုတော့ အားနာစရာကောင်းလှပါသည်။ဖုန်းကို စားပွဲပေါ်ချခဲ့လိုက်ပြီးမှ အခန်းထဲက ထွက်လာကာ ထောင့်ဆုံးအခန်းက မွေးမိခင်ဆီ သွားရသည်။
တည်တံ့နောင် အခန်းထဲ ဝင်လာတော့ နှင်းဆီမောင်က စိတ်ချထားခဲ့မယ် ဟူသော အကြည့်ဖြင့်သာ အသိပေးလိုက်ပြီး အခန်းထဲက ထွက်လာတယ်။ အိပ်ယာထက်မှာ လှဲလှောင်းနေတဲ့ ဒေါ်တင်တင်က တည်တံ့နောင်ကို မြင်တော့ မျက်နှာလွှဲသွားတယ်။ ဒီအရွယ်ကြီးရောက်မှ ကလေးဆိုးကြီး လုပ်နေတာ။
တည်တံ့နောင်က ဒေါ်တင်တင်ဘေးမှာ ထိုင်လိုက်ပြီးမှ စကားစပြောလိုက်တယ်။
" သွေးတိုးလို့ဆို ... အခုရော သက်သာပြီလား။ "
ဒေါ်တင်တင်က နှုတ်ခမ်းရွဲ့ပြသည်။
" မေမေကဗျာ "
" ဘာမေမေကဗျာလဲ။ မာန်ထက်ကို အဝေးပို့ပစ်တာ မင်းစနက်ဆိုတာ ငါသိပြီးသား။ လူငယ်အချင်းချင်း ဖြစ်တာကို ကလေးကို အပျော့ဆွဲလေးနဲ့ ဆုံးမလည်း ရနေတာကို အဝေးပို့ပစ်တယ်။ "
" မေမေ့မြေးက မျက်လုံးကန်းလောက်အောင် ဖြစ်ထားတာနော်။ ဒါတောင် သူက အမှတ်ရှိတာမဟုတ်ဘူး။ ဒီထပ်ရူးမိုက်တာတွေလုပ်လာရင် မေမေပဲ ရင်ကျိုးရမှာ။ မာန်ထက်ဘက်က မေ့မေ့ပျောက်ပျောက်ဖြစ်ရင် ပြန်ခေါ်မှာပဲ မေမေရာ။ အခုလိုကြီး အကုန်စိတ်ဆင်းရဲပြီး အလုပ်ပျက်အောင်မလုပ်ပဲ ကျန်းမာရေး ဂရုစိုက်စမ်းပါဗျာ။ "
" မသိဘူး ... ငါကတော့ ငါ့မြေးနဲ့ပဲ အတူတူနေချင်တယ်။ "
တည်တံ့နောင် ရယ်သာရယ်နေလိုက်တော့တယ်။ သွေးတိုးတာက နည်းနည်း ခွဲရတာ တစ်မနက်တောင် မပြည့်သေးတဲ့ မြေးကို လွမ်းတာကများများဆိုတာ သိနေပြီးသား။