" ဦးငယ် ကားကို ၆၂လမ်း၊ ၁၁၅လမ်းထောင့်မှာ ခဏရပ်ပေးလို့ရမလား။ "
တည်တံ့နောင်က ကားကို ညာပြန်ကွေ့လိုက်ကာ မာန်ထက်ပြောသော နေရာဆီကို ဦးတည်ပြီး မောင်းလိုက်သည်။ဒီနေ့က မာန်ထက်အတွက် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ လိုက်ဝယ်ပေးရသည်။အပြန်လမ်းရောက်မှ မာန်ထက်က ထိုသို့တောင်းဆိုလာခြင်း။
" ပြသနာဖြစ်တဲ့ကောင်လေးကို တွေ့ဖို့မလား။ "
မာန်ထက်က မဖြေပါ။ တိတ်ဆိတ်နေခြင်းဖြင့် ဝန်ခံပါသည်။ မသွားခင်လေး ငေးကြည့်နေခွင့်ရလည်း မဆိုးပါဘူး။
လမ်းထောင့်မှာပဲ ကားကို ရပ်ထားလိုက်သည်။ ဒီကောင် အရူးထတာနဲ့ ကိုယ်ကပါ အလုပ်ပျက်ပြီး ထိုင်စောင့်ပေးနေရတယ်။
" ချစ်ရေးချစ်ရာတွေနဲ့ပဲ အာရုံများမနေနဲ့။ ဘာတွေလိုသေးလဲ စစ်ဦး။ "
" အစ်မမြတ်နိုးပွင့်က ဦးငယ်ကို ဘယ်လိုများ သည်းခံလည်းမသိဘူး။ကျောက်ခဲနှလုံးသားလို လူကြီး။ "
မာန်ထက်က တည်တံ့နောင်ကို ဝါအရသာ ဦးငယ်လို့ ခေါ်ပြီး တည်တံ့နောင်နဲ့ရွယ်တူ မြတ်နိုးပွင့်ကိုတော့ အစ်မဟုသာ တလေးတစားခေါ်ဝေါ်သည်။ မာန်ထက်က ပါးစပ်က ပွစိပွစိပြောရင်း ဝယ်လာသမျှ အိတ်တွေ၊အထုပ်တွေကို ဟိုဒီလှန်ကာ ပစ္စည်းတွေ စစ်သည်။
" အကုန်စုံ .... "
မာန်ထက်စကားက တစ်ဝက်တစ်ပျက်မှာတင် ရပ်တန့်သွားသည်။ ကားဘေးမှ ဖြတ်လျှောက်သွားသော လေးမြတ်လွန်းကို မြင်လိုက်သည်ကြောင့်ပင်။ အကျီလက်ရှည်အပွနဲ့ ခပ်ချောင်ချောင် ဘောင်းဘီကို ဝတ်ထားတဲ့ လေးမြတ်လွန်းက ပုံမှန်လိုပဲ ကြည့်ကောင်းချောမွေ့နေဆဲပင်။ တည်တံ့နောင်ဘက်ခြမ်းက ဖြတ်သွားတာမို့ တည်တံ့နောင်ပင်လျှင် လိုက်ကြည့်မိသည်။
" ဦးငယ် ... အဲ့ဒါလွန်း။ "
မာန်ထက်က တည်တံ့နောင်ကို ပြောပြရင်း လူကလည်း ဂဏာမငြိမ်ဟန်ဖြင့် ကားပေါ်က ဆင်းဖို့ပြင်သည်။ တည်တံ့နောင်က မာန်ထက်လက်ကောက်ဝတ်မှာ ချုပ်ထားပြီး လေသံခပ်အေးအေးနဲ့ ပြောလိုက်တယ်။