ခိုအုပ်လိုက်ကြီး ကြားထဲမှာ ခိုစာ ပန်းကန်လေးကို ကိုင်ပြီး ငုတ်တုတ်လေးထိုင်ကာ ခိုစာကျွေးနေသော လေးမြတ်လွန်းကို တည်တံ့နောင်က ခပ်လှမ်းလှမ်းမှ ငေးကြည့်နေသည်။ ရောင့်ရဲနိုင်တဲ့အချစ်ဆိုတာ အဲ့ဒါပဲ။ သူပျော်နေတာလေး မြင်ရရုံဖြင့် သောက ဟူသမျှ တဒင်္ဂငြိမ်းအေးသွားခြင်းပဲ။
တည်တံ့နောင်လည်း ပုထုဇဥ်လူသားမို့ လောဘဆိုတာ ရှိပါသည်။လေးမြတ်လွန်းနဲ့ နီးကပ်သွားရတိုင်း ရင်ထဲက အချစ်စိတ်မှန်သမျှ ဖွင့်ဟချင်စိတ်ရှိသည်။ သို့ပေမယ့် ခြေလှမ်းတစ်ခုမှားလိုက်ပြီး နောက်ပြန်လှည့်စရာ မရှိမှာ ကြောက်ရွံသည်။ ကိုယ့်ဘဝကိုယ်တောင် မလိုချင်တဲ့အထိ စိတ်ဒဏ်ရာရှိနေသော လေးမြတ်လွန်းကို ဖိအားမပေးချင်။ ချစ်မြတ်နိုးသည့်စိတ်ရှိတာအမှန်ပေမယ့် ဖြူစင်စွာ စောင့်ရှောက်ပေးခြင်းအပေါ်မှာ လေးမြတ်လွန်းက အခွင့်အရေးယူသည်ဟု ထင်မှာလည်း ကြောက်သည်။
" ဦးနောင် ... သူတို့က ကျွန်တော့်ကို မကြောက်တော့ဘူး။ "
လက်လေးကို ဝှေ့ယမ်းကာ ဝမ်းသာအားရပြောနေသော လေးမြတ်လွန်းကို တည်တံ့နောင်က ပြုံးပြလိုက်သည်။ နောက်ထပ်သော ခိုစာပန်းကန်တွေကို ဆိုင်ရှင်ဆီမှ တည်တံ့နောင်က ထပ်ဝယ်လိုက်ပြီးမှ လေးမြတ်လွန်းဆီ သွားပေးသည်။
" ဒါပြီးရင် ဘယ်သွားချင်သေးလဲ။ "
လေးမြတ်လွန်းက ခိုစာတွေကို ဖြန့်ကြဲနေရင်းမှ တည်တံ့နောင်ကို မော့ကြည့်သည်။ နေရောင်ကျနေတာမို့ တည်တံ့နောင်၏ မျက်နှာက ပိုပြီး ချောမောနေသည်။
" ဒါပြီးရင်ငါးစာကျွေးမယ်။ လိပ်စာကျွေးမယ်။ အလှုူလုပ်မယ်လေ။ "
" ပြောတော့ လျှောက်လည်မလို့ဆို .... ဘယ်မှမသွားတော့ဘူးလား။ "
" အပြန်မှ အချိန်ရရင် ရုပ်ရှင်ကြည့်မယ်။ စာမေးပွဲက နှစ်ဘာသာ သိပ်မဖြေနိုင်ဘူး။ အဲ့ဒါကြောင့် အလှုူများများလုပ်မလို့။ "
လေးမြတ်လွန်းက ပြောလာတော့ တည်တံ့နောင်က အသံထွက်ရုံမျှ ရယ်လိုက်သည်။