ကားမောင်းနေတဲ့ တစ်လျှောက်လုံး တည်တံ့နောင်က ရေသန့်ဗူးကို လက်တစ်ဖက်က ကိုင်ထားကာ ရေငုံလိုက် ထွေးထုတ်လိုက် လုပ်နေရသည်။စပ်တာထပ် ပူထူနေသော အရသာက လျှာဖျားမှာ စွဲကျန်နေခဲ့တာ။ တစ်ပွဲလုံး နီးပါးစားလာတဲ့ လေးမြတ်လွန်းကို တည်တံ့နောင်မှာ တော်တော်လေး အံ့သြနေပြီ။
" ဦးနောင် ... သကြားလုံး ငုံထားပါလား။ နည်းနည်းသက်သာတယ်။ "
လေးမြတ်လွန်းက ကျောပိုးအိတ်ထဲက သကြားလုံးကို မွှေနှောက်ရှာပြီး ကိုယ်တိုင်ဖောက်ပြီးမှ တည်တံ့နောင် နှုတ်ခမ်းနားအထိ တိုးပေးသည်။ တည်တံ့နောင်က လေးမြတ်လွန်း၏ မျက်နှာသွယ်သွယ်လေးကို တမေ့တမောငေးမိပြီးမှ ခေါင်းငုံ့ကာ စားလိုက်တယ်။
" ကလေးကျနေတာပဲ။ ကျောပိုးအိတ်ထဲ သကြားလုံးကစ ဆောင်ထားတာ။ "
တည်တံ့နောင်က ပြောလိုက်တော့ လေးမြတ်လွန်းက အိတ်ထဲက သကြားလုံးတွေကို လက်ထဲ အကုန်စုကိုင်ပြီးမှ ကားထဲက ဆေးဗူးထည့်သည့်နေရာမှာ ထည့်သည်။
" မုန့်ဝယ်တိုင်း အကြွေအမ်းစရာမရှိရင် ဆိုင်က ထည့်ပေးလိုက်တာမို့ ကျောပိုးအိတ်ထဲထည့်ထားတာဗျ။ သကြားလုံး မကြိုက်ပါဘူး။ "
တည်တံ့နောင်က ကားကို အာရုံစိုက်မောင်းနေရင်းမှ လေးမြတ်လွန်းကို တစ်ချက် စောင်းငဲ့ကြည့်သည်။
" Ready made တွေမစားနဲ့တော့။ နောက်ပြီး မင်းကြိုက်တယ်ဆိုရင်တောင် ဒီနေ့လို ခေါက်ဆွဲမျိုးက ရံဖန်ရံခါပဲ စားသင့်တယ်။ ကိုယ်ခေါ်ပေးထားမယ့် အဒေါ်က ထမင်း၊ဟင်း ကောင်းကောင်းချက်တက်တာမို့ အိမ်မှာပဲစား။ အပြင်စာတွေ စားတဲ့အလေ့အကျင့်ကြီး စွန့်လွှတ်လိုက်တော့ ဟုတ်ပြီလား။ မင်းကျန်းမာရေးအတွက် မကောင်းလို့ ကိုယ်ကပြောနေတာ။ "
တည်တံ့နောင်၏ စေတနာကို လေးမြတ်လွန်း နားလည်ပါသည်။ ဒေါ်မြတ်ထားနဲ့နေစဥ်ကလည်း အိမ်မှာ ချက်ပြုတ်ထားတာ ရှားသည်မို့ လေးမြတ်လွန်းက အပြင်စာတွေစားရင်း အကျင့်ဖြစ်နေတာ။