" အိမ်ပြန်သွားပြီးရင်လည်း ဖအေရဲ့ အလုပ်ကို
ပစ်မထားနဲ့ဦး ။ တစ်ပတ်တစ်ခေါက်လောက်တော့ လာလိုက်ဦး ကြားလား"
"ဟုတ် ဖေဖေ"
လွှမ်းသုတ ပြောလိုက်သည့်အခါ ဖေဖေက
တစ်ချက်ကြည့်၍ ခေါင်းညိတ်၏။
မေမေကတော့ စျေးကဝယ်လာသည့်
အသီးတွေကို တစ်ဝက်ခွဲထည့်ပေးထားသော
အထုပ်ကို လွှမ်းသုတရဲ့လက်ထဲ
ထည့်ပေးလာသည်။
" သားတို့အိမ်က ထမင်းချက်က လာမှာလား။
မလာရင်လည်း အိမ်မှာညစာလာစားကြ။
သား ဝေမှူးပိုင်ကလည်း
သိပ်နေမကောင်းသေးဘူးဆိုတော့
အပြင်စာသွားစားမနေကြနဲ့ဦး။
တကယ်ဆို တစ်ရက် ၊ နှစ်ရက်လောက်နေပြီးမှ
ပြန်လည်း ရတာကို"
"ရတယ် မေမေ ။ဘာမှမဖြစ်ဘူး
သားသွားတော့မယ်နော်"
" ကဲ တားမရလည်း မတားတော့ဘူး ။
သွားသွား ဂရုစိုက်ပြီး ချစ်ချစ်ခင်ခင်နေကြဦး"
တကယ်က
သူတို့နှစ်ယောက်လုံးနဲ့ ဖေဖေနဲ့ မေမေနဲ့အတူ
မနက်စာရောစားပြီး၊ နှစ်ယောက်လုံးလည်း
သေချာနှုတ်ဆက်ပြီးပြီဖြစ်သည်။
အားလုံးပြီးလို့ ပြန်ရန်အတွက်
ဝေမှူးပိုင်က ကားထုတ်ထားဖို့
အရင်ထွက်သွားတာတောင်မှ အမှာမပြတ်သော
ဖေဖေနဲ့ မေမေကြောင့် လွှမ်းသုတမှာ
ကျန်ခဲ့ရခြင်း သာဖြစ်၏။
လွှမ်းသုတ ဖေဖေရော မေမေရော
နှစ်ယောက်စလုံးကို နှုတ်ဆက်ပြီးမှ
ခြံရှေ့တွင် အဆင်သင့်စောင့်နေတာကြာပြီဖြစ်သည့် မှူးဆီသို့ ထွက်လာခဲ့လိုက်တော့သည်။
အဖျားအရှင်းမပျောက်သေးတဲ့
မှူးကို အိမ်တွင် လွတ်လွတ်လပ်လပ်
နားစေချင်ပေပြီ။
ဝေမှူးပိုင်က လွှမ်းသုတ နေချင်တယ်ဆိုရင်
မေမေတို့အိမ်တွင် လိုက်နေပေးဦးမှာ ဖြစ်ပေမဲ့
သူစိတ်ကျဉ်းကျပ်နေတာကို လွှမ်းသုတ က
သိသောကြောင့် တစ်ညသာ အိပ်ပြီး အိမ်ကိုသာ
ပြန်ဖို့ လုပ်လိုက်သည်ပင်။
ခြံရှေ့တွင် ရပ်ထားသော ကားဆီသို့ရောက်သောအခါ ပွေ့ချီလာခဲ့သည့် ဘေးဘေးကို
ကားနောက်ခန်းတွင်ထိုင်စေလိုက်ပြီး သူက
lover seat တွင်ထိုင်လိုက်သည်။
![HE [Happy Ending] (Completed)](https://img.wattpad.com/cover/314460211-64-k297748.jpg)