အပိုင်း ၁ ( Unicode)

208 18 4
                                    

အတန်းထဲမှာ ကျွန်တော်တစ်ယောက်တည်း ရှိနေတယ် ။ အစော‌ဆုံးရောက်နေတာ ကျွန်တော်ပဲ ရှိမယ် ထင်ပါရဲ့ ။ ဘာရယ်မဟုတ်ဘဲ ကျောင်းကို စောစော ရောက်နေတဲ့ ကျွန်တော် က စာကြိုးစားတတ်တဲ့သူတော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ လူတစ်ယောက်ကို တွေ့ရဖို့ ...။ သူ အတန်းထဲ ဝင်လာတာကို မြင်ရဖို့ အတွက် ကျွန်တော် ကျောင်းကို စောစောရောက်ဖြစ်ရတာပါပဲ ။

ကျွန်တော် မျှော်နေတဲ့သူက တစ်တန်းလုံးမှာ အထူးဆန်းဆုံး ဆိုရင်လည်း မမှားလောက်ဘူး။ ရှပ်အင်္ကျီလက်ရှည်အဖြူနဲ့ ပုဆိုး ကို နေ့တိုင်းဝတ်ပြီး လာတတ်တဲ့ တစ်ဦးတည်းသောသူ။ ပထမဆုံးရက်မှာ တည်းက သတိထားမိခဲ့တာ သူ့အဝတ်အစားကြောင့်ပါပဲ။ နောက်နေ့တွေမှာလည်း သူဟာ ဒီလိုပုံစံပဲ ဝတ်နေခဲ့ပြန်တယ်။ ဒါဟာ သူ့ရဲ့ ပုံစံပဲလား ။

ကျောင်းသားတွေ တစ်ယောက်ပြီးတစ်ယောက် ဝင်လာတယ် ။ ကျောင်းသူတွေ တစ်ယောက်ပြီးတစ်ယောက် ဝင်လာတယ်။ ကျွန်တော်ကတော့ အခန်းတံခါး ဆီကို မျှော်ငေးမိနေတုန်းပါပဲ။ သူလာတဲ့ အချိန်ထိ ကျွန်တော် ငေးမိနေဦးမှာပါပဲ ။

ထုံးစံ အတိုင်းသူ ဝင်လာတယ် ။ တစ်ခန်းလုံးရဲ့ မျက်လုံးတွေကလည်း သူ့ဆီရောက်ကုန်ကြတယ် ။ မထူးဆန်းပါဘူး ။ သူ့ ပုံစံကလည်း ညှို့ဓာတ်ရှိနေတဲ့ ပုံစံ မလို့ ဒါတွေက သိပ်ထူးဆန်းတာမျိုးတော့ မဟုတ်ဘူး ။ ထူးဆန်းတာက ကျွန်တော်ပါ ။ မိန်းကလေးတွေ အများကြီး ငေးကြည့်နေကြတဲ့ ကောင်လေးကို ကျွန်တော်က ငေးမော မိနေခဲ့တာလေ။

အဲဒီ ခဏ ပါပဲ ။သူဟာ ဘယ်သူ့ကိုမှ မကြည့်ဘဲ အတန်းထဲကို ခပ်ဖြည်းဖြည်းဝင်လာတယ်။ သူ့ခြေလှမ်းတွေကလည်း ခပ်မှန်မှန်ပါပဲ။ အဲဒီနောက် ပါလာတဲ့ ထမင်းချိုင့် ကို သူထိုင်နေကျနေရာပေါ် တင်လိုက်တယ်။ ထီးကိုတော့ သူထိုင်နေကျ ခုံပေါ်မှာ ချိတ်လိုက်ပြန်တယ်။ အဲဒီနောက် စာအုပ်တစ်အုပ်ကို ထုတ်ပြီး ဖတ်နေတော့တာပါပဲ။

အဲဒီ အချိန်အထိပါပဲ ။ ကျွန်တော်လည်း သူ့ကို ဆက်မကြည့်တော့ဘဲ အရှေ့ဘက်ကို ပြန်လှည့်လိုက်တယ်။ နေရာချင်းက လှမ်းနေတော့ ကျွန်တော်သူ့ကို ဆက်ကြည့်နေမိရင် သိပ်သိသာကုန်တော့မှာ ။ သူဝင်လာတဲ့ တစ်လျှောက်ကြည့်တာ တင် အားမရလို့ သူတိုင်နေတဲ့ အနောက်ဘက်တန်းအထိ လှည့်ကြည့်နေတာကို အခြားသူတွေသိသွားရင် ခက်ရချည်ရဲ့။ ပြီးတော့ ကျွန်တော်တို့က ယောက်ျားလေးတွေ ။ သူလည်း ယောက်ျားလေး ကျွန်တော်လည်း ယောက်ျားလေးဖြစ်ပါလျက်နဲ့ ခုလို ကြည့်နေတာကို အခြားသူတွေ သိကုန်ကြရင် ကျွန်တော့်ကို တစ်မျိုး ထင်ကုန် ကြမှာလည်း စိုးမိပါရဲ့။

စိန်ပန်းတွေခင်းတဲ့လမ်းမှာ .... လျှောက်ခဲ့ဖူးပါသည် Where stories live. Discover now