အပိုင်း (၂) Unicode

98 16 8
                                    

"အားကစားရုံကို ဘယ်လိုသွားရလဲဗျ"

အင်္ဂလိပ်စာ အဆောင်ရှေ့ကနေ ‌ဖြတ်သွားဖြတ်လာတွေကို မေးမိတဲ့အခါ သူတို့က လမ်းညွှန်ပေးကြပါတယ်။

"ဟိုမှာလေ တည့်တည့်သွား ၊ ဘယ်မှ မကွေ့ဘဲ တည့်တည့်သွား "

ကျွန်တော် ခေါင်းကို ကုတ်ရင်း မအူမလည်နဲ့ လမ်းဆက်လျှောက်လာလိုက်တယ်။

တည့်တည့်သွားရမှာတဲ့ ။ ကျွန်တော် တည့်တည့်လမ်းလျှောက်လာတော့ ကျောင်းကန်တင်းတွေကို တွေ့တာပဲ ။ ဘယ်မှ မကွေ့ဘဲ တည့်တည့်ဆက်သွားတဲ့အခါ လမ်းဆုံတစ်ခုကို တွေ့ပြန်တယ် ။

တည့်တည့်ဆက်လျှောက်သွားတဲ့အခါ ကျွန်တော် တွေ့ရပါပြီ။ ဒါပေမဲ့ အကွာအဝေးက "ဟိုမှာလေ" ဆိုတဲ့ စကားလောက် မနီးတာတော့ တကယ်ပါ။

မိုးလုံလေလုံ အားကစား ရုံ ဆိုတာ ကျွန်တော့်အတွက်တော့ သဘောကျစရာကောင်းနေတယ်။ ကျောပိုးအိတ် က ကြိုးကို လက်နဲ့ သေချာ ဆုပ်ကိုင်ပြီး ဝင်သွားတဲ့အခါ ကျွန်တော်တို့ အတန်းထဲကို ရောက်လာခဲ့တဲ့ အကိုကြီးတွေကို တွေ့ရတယ်။ တကယ်တော်ပါသေးရဲ့ ။ မဟုတ်ရင် ကျွန်တော် တစ်ယောက်တည်း ဒီလောက်လူအများကြီးကြားထဲမှာ မယောင်မလည်နဲ့ ရပ်နေရတော့မှာ။

"အကိုဗျ  ကျွန်တော် မနေ့က စာရင်းပေးထားတာပါ "

ကျွန်တော့်စကားကို ကြားတဲ့အခါ အကိုကြီး သုံးယောက်  နဲ့ အစ်မကြီး လေးယောက်က ဖော်ဖော်ရွေရွေ ပြုံးပြလာတယ်။

"ခဏစောင့်ကြဦးနော် လူတွေ မစုံကြသေးဘူးနဲ့တူတယ် ၊ စာရင်း‌ထဲက အချို့သူတွေ မရောက်ကြသေးဘူး "

"ဟုတ်ကဲ့ "

ကျွန်တော် အနားက သူတွေကို ကြည့်မိတဲ့အခါ မိန်းကလေးတွေရော ၊ ယောက်ျားလေးတွေ ကိုပါ တွေ့ရတယ်။ သူတို့လည်း ဘက်စကတ်ဘော အသင်းအတွက် စာရင်းသွင်းထားကြတာ ထင်ပါတယ်။

"ဒါဆို အခြားသူတွေကို စောင့်ရင်းနဲ့ အချင်းချင်း မိတ်ဆက်ကြတာပေါ့ "

အစ်မကြီးတစ်ယောက် က အသံချိုချို နဲ့ စပြီး မိတ်ဆက်လာတယ်။

"အစ်မ က မိုးစက်ခိုင်၊  ဒီဘက်က တော့
သူရိန်မင်း "

ကျွန်တော်တို့ ခေါင်းလေးတွေ ကိုယ်စီ ညိတ်ပြီး နားထောင်နေလိုက်တယ် ။ စီနီယာတွေ တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ပြီးသွားတဲ့ အခါ ကျွန်တော်တို့ အလှည့်ကို ရောက်လာတယ် ။

စိန်ပန်းတွေခင်းတဲ့လမ်းမှာ .... လျှောက်ခဲ့ဖူးပါသည် Where stories live. Discover now