မှိုင်းသွေးမာန် အိပ်ပျော်နေသောသူအားထိုင်ကြည့်နေသည်မှာ နာရီဝက်လောက်တောင်ရှိတော့မည်။
စာကြည့်တိုက်အတွင်းမို့ ဆူညံခြင်းမရှိတိတ်ဆိတ်နေကာ အိပ်ဖို့ရာအတွက်အကောင်းဆုံးနေရာဖြစ်သည်မို့ သူအမြဲလာအိပ်နေကျဖြစ်သည်။ ဒီနေ့တော့ သူ့နေရာကို ယူထားသောတစ်စုံတစ်ယောက်လေးကြောင့် သူအိပ်လို့မရတော့။
ခုံပေါ်မှာ လက်ကလေးခု၍ခေါင်းလေးစောင်းအိပ်နေတာဖြစ်ပြီး ခပ်အုပ်အုပ်ဆံပင်လေးက နဖူးထက်ဝဲကျနေသည်။ အိပ်နေပုံလေးမှာ အပြစ်ကင်းလှစွာ။
ထိုင်ကြည့်နေတဲ့နာရီဝက်အတွင်း တစ်ခါလားပဲလှုပ်ရွရွဖြစ်တာ။ ဘယ်လောက်တောင် အိပ်ရေးတွေပျက်ထားလို့ အခုလိုမလှုပ်မရှက်အိပ်မောကျနေတာလဲမသိ။
တကယ်က သူထိုင်ကြည့်ချင်လို့ ကြည့်နေတာမဟုတ်ဘဲ ဘယ်လိုငိုအောင်လုပ်ရမလဲဆိုတာ ထိုင်စဉ်းစားနေတာဖြစ်သည်။ သူကျောင်းမလာဖြစ်တဲ့သုံးရက်အတွင်း ငိုနေတဲ့မျက်နှာလေးက စိတ်ရှုပ်လောက်အောင်အထိ သူ့အတွေးထဲဝင်ဝင်လာပြီးသူ့ကိုလာနှောက်ယှက်သည်။
အဲ့တာကြောင့် ဒီနေ့တော့ ငိုတာတွေ့ရမှ သူကျေနပ်နိုင်မည်။
ကြည့်နေရင်းမှ အတွေးထဲဖျက်ခနဲဝင်လာတဲ့အကြံတစ်ခုကြောင့် မှိုင်းသွေးမာန်ရဲ့နှုတ်ခမ်းပါးလေးအနည်းငယ်ကွေးတက်သွားသည်။
မျက်နှာချင်းဆိုင်ထိုင်ကြည့်နေရာကထလိုက်ပြီး ဟိုတစ်ဖက်ကစောင်းအိပ်နေတဲ့သူရဲ့မျက်နှာမူရာဘက်ခြမ်းသို့ ကိုယ်ကိုအနည်းငယ်စောင်းကာ ခါးကိုင်း
ကြည့်လိုက်သည်။ မျက်နှာလေးအားရှင်းရှင်းလင်းလင်းဖြစ်ရန်အတွက် နဖူးပေါ်ဝဲကျနေတဲ့ဆံပင်အချို့ကို နဖူးကျဉ်းကျဉ်းလေးပေါ်အောင်အထိ ဘေးသပ်တင်ထားလိုက်သည်။သူလုပ်ပြီးသည့်တိုင် တစ်ချက်မှလှုပ်မလာတဲ့ကောင်လေးကြောင့် သူ့အပြုံးတို့ပိုမိုပီပြင်လာ၏။
ခါးကိုင်းနေရာမှ ထိုမျက်လေးဆီအနည်းငယ်ငုံ့သွားသည့်တိုင် တုပ်တုပ်မျှလှုပ်မလာသေး။ အတော်လေးကိုအိမ်မောကျနေတာပဲ။