Ting Tong~ Ting Tong~
တိတ်ဆိတ်နေသောနံနက်ခင်းတွင်
ဘဲလ်သံခပ်ကျယ်ကျယ်သည်လမ်းကြားထဲပျံ့လွင့်နေ၏။တည်တံ့နောင် အိပ်နေရင်းမှ အအိပ်ဆတ်သူမို့ အပြင်ကဘဲလ်သံကြောင့် ချက်ချင်းနိုးလာသည်။ မနက်အစောကြီးကို သူ့ဆီဘယ်သူရောက်လာပါသလဲ။ အစ်ကိုကြီးတို့လင်မယားများလား။ မဟုတ်သေးပါဘူး။ အစ်ကိုကြီးတို့က လာမယ်ဆိုဖုန်းကြိုဆက်ပါတယ်။
အိပ်ယာထဲကကုန်းထပြီး အပြင်မထွက်ခင် ဖုန်းထဲကနာရီကိုတစ်ချက်ကြည့်တော့ မနက် 7နာရီထိုး။ တကယ်ကိုအစောကြီးပဲ။ ကျောင်းပိတ်ရက်မို့ နောက်ကျတဲ့အထ်ိအိပ်မယ်ဆိုကာမှ။
အပြင်ကဘဲလ်သံကအဆက်မပြတ်ထွက်နေတုန်းမို့ ဘေးအိမ်တွေအားနာတာကြောင့် အပျင်းတစ်မနေတော့ဘဲ အခန်းထဲကထွက်ကာ အိမ်တံခါးမြန်မြန်ဖွင့်ပြီး အပြင်ဘက်ကိုပြေးထွက်လာခဲ့တော့သည်။
တွေ့ပါပြီ။ စောစောစီးစီး သူ့ဆီရောက်လာတဲ့ဧည့်သည့်လေးက အခြားသူတော့မဟုတ်။ ဘေးအိမ်က မဟာမောင်ပင်။
မလာစဖူးစောစောစီးစီးကြီးမို့ အံ့ဩတကြီးနဲ့ ခြံတံခါးဆီလျှောက်လာလိုက်သည်။ သူ့ကိုမြင်တော့ မဟာက လက်ကလေးယမ်းပြီး ပြုံးပြသည်။
" မဟာ! ဘယ်လိုလုပ် အစောကြီး... "
ခြံတံခါးကိုဘေးတွန်းဖွင့်လိုက်တော့ ဒူးပေါ်ဂျင်းဘောင်းဘီနဲ့အနီရောင်အင်္ကျီနဲ့ကောင်လေးက လှစ်ခနဲဝင်လာပြီးသူ့ဘေးလာရပ်သည်။
" အစ်ကို အခုမှအိပ်ယာထတာလား "
အစ်ကိုသည် ညဝတ်အင်္ကျီအညိုစင်းလေးနဲ့အတူဆံပင်ဘုတ်သိုက်ဖြစ်နေသော်လည်း မဟာ့မှာ ကြည့်မဝဖြစ်နေသည်။
" အခုမှ ထတာပေါ့...အချိန်ကအစောကြီးရှိသေးတယ်လေ။
ပြောပါအုံး...ကျောင်းပိတ်ရက်မှာ အိမ်ကိုအစောကြီးရောက်ချလာတာ ဘာကိစ္စ...! "" ဟီး..ဘုရားကြီးသွားချင်လို့ "
" ဟမ် "
" အစ်ကိုနဲ့အတူ ဘုရားကြီးသွားချင်လို့ "
" ဒီနေ့လား "
" အွန်း ဟုတ်တယ်။ အခုပဲ "
" ဟာ အစ်ကိုကဘာမှမပြင်မဆင်ရသေးဘူးလေ "