🌵 "ဘေးကျပ်နံကျပ်အခြေအနေ"ဆိုတာကို မြန်မာမှာ
ပဒိုင်းသီးနဲ့ တင်စားပြီး "ဆုပ်လည်းစူး၊ စားလည်းရူး"လို့
ခေါ်ကြပါတယ်။🐙 ဒါကို အင်္ဂလိပ်ဘာသာစကားမှာတော့
ဂရိဒဏ္ဍာရီလာ လူသားစားသတ္တဝါကြီးတွေဖြစ်တဲ့
Scylla(စစ်လ) နဲ့ Charybdis(ခရစ်ဘ်ဒစ်) တို့ကို
ဥပစာထားသုံးတတ်ကြပါတယ်။🔱 ဂရိဒဏ္ဍာရီတွေအရ ယခုခေတ် အီတလီနိုင်ငံမှာရှိတဲ့
မက်ဆီနာရေလက်ကြား (Straits of Messina) မှာ
သင်္ဘောတွေကို ဖျက်ဆီးပစ်ပြီး
ပါလာတဲ့သူတွေကို ဖမ်းယူစားသောက်တတ်တဲ့
ကြောက်စရာသတ္တဝါကြီးနှစ်ကောင် ရှိခဲ့ပါတယ်။🌍 မက်ဆီနာရေလက်ကြားဆိုတာ တကယ်တော့
မြေထဲပင်လယ် Sicily(စစ်စလီ)ကျွန်းနဲ့
အီတလီကျွန်းဆွယ်တောင်ပိုင်း
Calabria(ခလေးဘရီးယ)ဒေသကြားက
မြားတစ်ပစ်စာအကွာလောက်ပဲရှိတဲ့
ရေလက်ကြားကျဉ်းကျဉ်းလေးတစ်ခုပါ။🗾 အဲ့လို ရေလက်ကြားကျဉ်းကျဉ်းလေးထဲမှာမှ
စစ်စလီကျွန်းဘက်အခြမ်း ရေအောက်ထဲမှာ
Charybdis ဆိုတဲ့ သတ္တဝါကြီးတစ်ကောင်ကျက်စားပြီး
အီတလီကျွန်းဆွယ်ဘက်ခြမ်း ရေအောက်ကျောက်ဂူ
တစ်ခုထဲမှာတော့ Scylla ဆိုတဲ့ ခေါင်းခြောက်လုံးနဲ့
လူသားစားသတ္တဝါကြီးတစ်ကောင်ရှိပါတယ်။🌪 Charybdis ဟာ Zeus (ဇူးစ်) နတ်ဘုရားရဲ့
ကျိန်စာကြောင့် ရေအလွန်ငတ်တဲ့ဝေဒနာကို ခံစားရပြီး
တစ်နေ့သုံးကြိမ် ပင်လယ်ရေတွေ သောက်ရပါတယ်။
ပင်လယ်ပြင်အောက်က Charybdis သောက်လိုက်တဲ့
ရေတွေကြောင့် အပေါ်ဘက်မှာ ဝဲကတော့တစ်ခုပေါ်လာပြီး သင်္ဘောတွေကို သမုဒ္ဒရာကြမ်းပြင်အောက် ဆွဲချသွားပါတော့တယ်။
(ယနေ့အချိန်ထိလည်း အဆိုပါနေရာမှာ
ထူးဆန်းတဲ့ပင်လယ်ရေစီးကြောင်းတွေကြောင့်
သင်္ဘောငယ်တွေအတွက် အန္တရာယ်ရှိနိုင်တဲ့
ဝဲကတော့လေးတွေ ရှိနေပါသေးတယ်)🐙 Scylla ဆိုတာကတော့ တစ်ချိန်က Calabria ဒေသခံ လှပတဲ့ မြစ်စောင့်နတ်သမီးတစ်ပါးဖြစ်ပါတယ်။
ပင်လယ်နတ်ဘုရား ပိုဆိုက်ဒန်ရဲ့ ချစ်မြတ်နိုးခြင်းကို
ခံရတဲ့အတွက် ပိုဆိုက်ဒန်ရဲ့ မိဖုရားကြီးက အဆိပ်ခတ်လုပ်ကြံခဲ့ပါတယ်။
Scylla ခမျာ အဆိပ်ဒဏ်ကြောင့် နတ်သမီးဘဝကနေ ခေါင်းခြောက်လုံးပါတဲ့ လူသားစားသတ္တဝါကြီး ဖြစ်သွားရရှာတယ်။🛳 ဒီလိုနဲ့ပဲ မက်ဆီနာရေလက်ကြားကနေ
ဖြတ်ကူးကြရတဲ့ သင်္ဘောတွေဟာဆိုရင်
ခေါင်းခြောက်လုံးနဲ့ Scylla ကို ရှောင်လိုက်ရင်လည်း Charybdis ရဲ့ ဝဲထဲကျမယ်။
Charybdis ရဲ့ ဝဲကို ရှောင်ပြန်ရင်လည်း
Scylla နဲ့ကပ်သွားတော့ အစားခံရမယ်။🤷♂️ ဒါကြောင့် ဒီလို ဘေးကျပ်နံကျပ်အခြေအနေကို
"between Scylla and Charybdis" လို့ သုံးကြတာ
ဖြစ်ပါတယ်။ဒါ့အပြင် Scylla နဲ့ Charybdis အစား
👿 between the devil and the deep blue sea
🪨 between a rock and a hard place
စသဖြင့်လည်း သုံးကြပါတယ်။With love,
YKL
Sep 30, 2022
YOU ARE READING
Let's learn English
Non-FictionEnglish vocabularyများ နှင့် grammar တစ်ချို့ ကို လေ့လာသင်ယူနိုင်စေရန်