💵 ဒီတလော လက်ထဲ ပိုက်ဆံပြတ်နေတာနဲ့
ပုစ္ဆာတစ်ပုဒ်ကို ဒေါ်လာတစ်သန်းဆုချမယ်ဆိုတဲ့
Clay သင်္ချာအဖွဲ့အစည်းရဲ့ သင်္ချာပုစ္ဆာ ၇ ပုဒ်ဆိုတာကို
ဖတ်ကြည့်မိတယ်။အခုချိန်ထိ အဲ့ ၇ ပုဒ် မှာ ၁ ပုဒ်ပဲ ဖြေရှင်းရသေးတယ်။
အဲ့ပုစ္ဆာကိုဖြေရှင်းခဲ့တဲ့သူက ရုရှားသင်္ချာပညာရှင်။
IQ က 238 လောက်အထိရှိတယ်လို့ ဆိုကြတယ်။
နာမည်က Grigori Perelmán (ဂရီဂေါ်ရီ ပဲရဲလ်မန်) တဲ့။ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက အဲ့သင်္ချာပညာရှင်က
ဆုကြေးငွေ ဒေါ်လာ ၁ သန်းကို ငြင်းလိုက်တာပဲ။
ဒါနဲ့ သူဘာလို့ငြင်းခဲ့တာလဲ လိုက်ဖတ်ကြည့်လိုက်တော့
တော်တော်လေး တရားရသွားတယ်။အနှစ်ချုပ်ကတော့ သင်္ချာပညာရှင်လောကကို မကြိုက်လို့ပါ။
သူ ဒီလို ထောင်စုနှစ်သင်္ချာပုစ္ဆာကြီးကို မဖြေရှင်းနိုင်သေးခင်က သူ့ကို ဘယ်သူမှ အသိအမှတ်မပြုသလို
သူရဲ့ သင်္ချာပညာဆွေးနွေးဖို့ ဖိတ်ခေါ်မှုတွေကိုလည်း
အခြားသင်္ချာပညာရှင်တွေက အဖက်မလုပ်ခဲ့ကြပါဘူး။ဒါကြောင့် သူ့အနေနဲ့ ဒီခေတ်သင်္ချာပညာရှင်တွေဟာ
ပညာရပ်နယ်ပယ်ကြီးတစ်ခုလုံး တိုးတက်ဖို့ထက်
တစ်ဦးကောင်းတစ်ယောက်ကောင်း
သူ့ထက်ငါ နာမည်ကြီးရေးနဲ့
ဆုငွေတွေကို လက်ဝါးကြီးအုပ်ဖို့အရေးကိုသာ
ပိုအာရုံစိုက်နေကြတယ်လို့ ခံစားခဲ့ရတယ်။ဒါ့အပြင် သူဟာ ဒီပုစ္ဆာကို ဖြေရှင်းတော့မယ်လို့ ကြေညာခဲ့တဲ့အချိန်မှာလည်း ဘယ်သူမှ အရေးမလုပ်ခဲ့သလို
သူ့ရဲ့ သက်သေပြချက်ထွက်လာတဲ့အချိန်မှာလည်း
သင်္ချာအဖွဲ့အစည်းက ကြည့်တောင်မကြည့်ဘဲ
အမှားကြီးလို့ ပြောခဲ့ပါတယ်။ဒါပေမဲ့ နောက်ပိုင်း သူ့ရဲ့ သက်သေပြချက်ဟာ
မှန်ကန်ကြောင်း သိလာကြတဲ့အခါမှာတော့
ဂရီဂေါ်ရီ တစ်ယောက် ဘူးသီးသီးတာပါပဲ။နာမည်ကြီးတက္ကသိုလ်တွေကနေ
အလုပ်တွေကမ်းလှမ်းလာကြသလို
အရင်က သူ့ကို အဖက်မလုပ်ခဲ့တဲ့
သင်္ချာပညာရှင်တွေကလည်း အရေးတယူ
ဖိတ်ခေါ်ဆွေးနွေးချင်လာကြတယ်။
သူကတော့ အားလုံးကို ငြင်းပယ်ခဲ့ပါတယ်။ဒါ့အပြင် ရှေ့က ဆုရခဲ့ဖူးတဲ့ ပညာရှင်တစ်ယောက်ရဲ့ ကောက်ကျစ်မှုကိုလည်း ခံရပါသေးတယ်။
ဒီသက်သေပြချက်ဟာ သူရဲ့အားထုတ်မှု
မဟုတ်ဘူးဆိုပြီး စွပ်စွဲခံခဲ့ရပါတယ်။
ဒါဟာလည်း သူစိတ်နာရတဲ့ အချက်တစ်ခုပါပဲ။သူဟာ ဒီသက်သေပြချက်ကို ဟယ်လ်မစ်တန်ရဲ့
Ricci Flow ဆိုတဲ့ နည်းကိုသုံးပြီး သက်သေပြခဲ့တာပါ။
ဒါကြောင့် သူဟာ ဆုရဲ့တစ်ဝက်နဲ့ အသိအမှတ်ပြုမှုကို
ဟယ်လ်မစ်တန်ကိုပါပေးဖို့ သင်္ချာအဖွဲ့အစည်းကို
တင်ပြပေမဲ့ ဆုကော်မတီက ငြင်းပယ်ခဲ့ပါတယ်။ဒါ့အပြင် ဟယ်လ်မစ်တန်ကိုယ်တိုင်ကလည်း
သူ့နည်းကိုသုံးပြီး သက်သေပြနိုင်သွားတာအပေါ်
ဂရီဂေါ်ရီကို လုံးဝမကျေနပ်ဘူး ဖြစ်နေပါတယ်။
တကယ်ဆို သင်္ချာလောကကြီးတစ်ခုလုံးရဲ့
ကောင်းကျိုးအတွက်ပဲ မလား။
နောက် သူ့နာမည်ကိုလည်း ဖော်ထုတ်ပေးပြီး
ဆုကော်မတီကိုလည်း တင်ပြပေးခဲ့တာပဲ။
ဒါကိုပဲ မစ္ဆရိယစိတ်များနေခဲ့တာပါ။ဒါတွေကြောင့်ပဲ သူဟာ သင်္ချာအဖွဲ့အစည်းနဲ့
သင်္ချာလောကကို စိတ်နာပြီး
ဆုလက်ခံဖို့ ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။
ဘာပဲပြောပြော ဒေါ်လာစျေးနဲ့ဆို နှမြောစရာကြီးနော်။ဒါပေမဲ့လည်း စိတ်မကောင်းမဖြစ်ပါနဲ့။
နောက်ထပ် သင်္ချာပုစ္ဆာ ၆ ပုဒ် ကျန်ပါသေးတယ်။
ကိုယ့်လိုမျိုး လက်ထဲအသုံးပြတ်နေတဲ့သူတွေရှိရင်
ကြိုးစားကြည့်ဖို့ လက်တို့လိုက်ပါတယ်။
မပြတ်သေးလည်း အခုက လဆန်းဆိုတော့
လကုန်ခါနီး ပိုက်ဆံပြတ်တဲ့အချိန်ဆို အတော်ပဲနေမှာ။https://www.claymath.org/millennium-problems
With love,
YKL
3 Dec 2022
YOU ARE READING
Let's learn English
Non-FictionEnglish vocabularyများ နှင့် grammar တစ်ချို့ ကို လေ့လာသင်ယူနိုင်စေရန်