"You're My Husband"
အပိုင်း(၂)။ ။
(၁)....🌻🌨
"ဒေါက် ဒေါက် ဒေါက်"
"လင်း၊ နိုးပြီလား"
ထုံးစံအတိုင်းပဲ မနက်စာစားဖို့အတွက် "လင်းနေခြည်"ကို "သွန်း" လာခေါ်၏။
တံခါးပွင့်လာ၏။
"လင်း"
"လင်းနေခြည်"ကို မြင်လိုက်ရချင်း "သွန်း" စိတ်ပျော်ဝင်ရ၏။
ရှပ်အင်္ကျီလက်ရှည်အနက်နှင့်လုံချည်ကိုသပ်ရပ်စွာဝတ်ထားပြီး မျက်မှန်ကိုင်းအောက်က ကြည်လင်ပြတ်သားသော မျက်ဝန်းတစ်စုံ၊ ဒီယောက်ျားသား၏ခန့်ညားချောမောမှုကို နောက်ကွယ်တွင် "သွန်း" မည်ကဲ့သို့စိတ်ချရမည်နည်း။"လင်း၊ ဒီနေ့ဘယ်သွားမှာလဲ၊ ကုမ္ပဏီပဲလား"
"ဒီနေ့ အစည်းအဝေးတစ်ခုလုပ်ပြီး ပွဲတစ်ခုတက်ရမှာ၊ တစ်နေ့လုံးဖြစ်နိုင်လို့ ညလည်း ငါ့ကိုမစောင့်နဲ့"
"လင်းနေခြည်"က ရှပ်အင်္ကျီလက်ရှည်ကို ခေါက်တင်ရင်းပြော၏။ သူ မပြန်မလာချင်း ညဥ့်နက်သည်အထိ "သွန်း"၏စောင့်နေတတ်သောအကျင့်ကို သိ၏။
"ညတော့ ပြန်လာအိပ်မယ်မလား"
"မသေချာဘူး"
"အင်းပါ၊ မနက်စာစားသွားဦးလေ"
"လင်းနေခြည်" မသိမသာသက်ပြင်းချ၏။
"မင်း ဒီလိုတွေမလုပ်ပါနဲ့၊ မင်းရဲ့အချိန်တွေ ငါ့အတွက်ဖြုန်းမနေနဲ့၊ ဘာမှအသုံးဝင်မှာမဟုတ်ဘူး"
"ငါအချိန်ဖြုန်းတာမဟုတ်ဘူး၊ နင့်ကိုချစ်တဲ့ ဇနီးရဲ့တာဝန်ပဲလေ၊ အသုံးဝင်ဖို့ကတော့ နင်ဘက်က လက်ခံပေးဖို့လေ"
"လင်းနေခြည်" စိတ်ပျက်ဟန်ဖြင့် ထွက်သွားတော့သည်။
"လင်း၊ နင် ပြန်လာအိပ်ဖြစ်မဖြစ် သေချာရင် ဖုန်းဆက်ပေးဦးနော်"
"သွန်း" လှမ်းအော်ပြောသည်ကို "လင်းနေခြည်" ဂရုမစိုက်ဘဲ အောက်ထပ်ကိုအမြန်ဆင်းကာ အိမ်ကနေ ထွက်သွားတော့သည်။
"ခုဘယ်ချိန်ရှိပြီလဲ၊ ညီမလေးက ဘယ်ချိန်လာမှန်းမသိ"
"သွန်း" အောက်ထပ်ကိုပဲ ဆင်းသွားပြီး တစ်ယောက်တည်း မနက်စာထိုင်စားလိုက်တော့သည်။ စားပွဲပေါ်တွင် ဟင်းများက ဖွယ်ဖွယ်ရာရာ၊ "လင်းနေခြည်" အကြိုက်တွေပင်။ "သွန်း" မကြိုက်သော ကြက်ဟင်းခါးသီးကြော်ကိုလည်း ကုန်အောင်စားရ၏။