(Unicode)
"You're My Husband"
အပိုင်း(၈)။ ။
(၁)....🌧🌻
"ဟင် သမီးလေးသွန်း"
"ဒေါ်ခင်ဋ္ဌေး"သည် မထင်မှတ်ဘဲ အိမ်ကိုရောက်လာသော "သွန်း"ကိုမြင်ပြီး ဝမ်းသာသွားရ၏။
"မေမေ"
"သွန်း"သည် အိမ်တွင် "လင်းနေခြည်"နှင့် မျက်နှာချင်းမဆုံချင်သေးသောကြောင့် မိုးလင်းသည်နှင့် မိဘအိမ်ကို လာလိုက်ခြင်းဖြစ်သည်။
"သမီးကိုလွမ်းနေတာ၊ အိမ်ထဲဝင်လေ"
"သမီးရဲ့အခန်းထဲမှာပဲ သွားကြမလား မေမေ"
"ရတာပေါ့၊ သမီးလာရင် နေလို့ရအောင် သမီးအခန်းကို ဘာမှမပြောင်းလဲဘဲ ထားထားပေးတာ၊ လာလာ"
နှစ်ယောက်အတူ အပေါ်ထပ်သို့တက်သွားကြသည်။ အခန်းထဲကို ရောက်သည်နှင့် "သွန်း"သည် ပင်ပန်းနေသော စိတ်မှန်သမျှကိုလွှတ်ချပစ်ကာ အိပ်ရာပေါ်သို့ စိတ်ပြေလက်ပြေ ပက်လက်လှဲအိပ်ချပစ်လိုက်တော့သည်။
"အင်း...သတိရလိုက်တာ မေမေရယ်"
မျက်နှာကြက်ကိုသာ တွေတွေငေးကြည့်ရင်း သက်ပြင်းချသော "သွန်း"စိတ်ကို "ဒေါ်ခင်ဋ္ဌေး" သိနေသလို။
"ဒါပေါ့ သမီးရယ်၊ လူ့လောကက မာယာသိပ်များတာလေ"
ငယ်စဥ်ကတည်းကပင် "သွန်း" စိတ်မှန်သမျှ ကို အလိုလိုက်ပေးခဲ့၏။ အလိုလိုက်သည်က ချမ်းသာပြီး ပြီးပြည့်စုံသောတစ်ဦးတည်းသောသမီးတစ်ယောက်အနေဖြင့် တကယ့် လောကကြီးသည့် ထင်သလိုမဟုတ်ကြောင်း၊ လောကကြီးကပေးသောသင်ခန်းစာများကို ကိုယ်တိုင်သင်ယူစေလိုကာ ရင်ဆိုင်နိုင်ရန်အတွက်ဖြစ်၏။ ချုပ်ချယ်တာမပြု၊ ဘာလုပ်ချင်လဲ ဒါဖြစ်ချင်လား ဒါကိုရွေးချယ်ခဲ့သလား၊ ရွေးချယ်ခဲ့တဲ့အရာကို ကိုယ်တိုင်ဖြစ်မြောက်အောင်ဆောင်ရွက်၊ အမှားဖြစ်ခဲ့ရင် အပြစ်လက်ခံ။ ထိုသို့ဖြင့် ယခုချိန်ထိ "သွန်း" ဘာပဲလုပ်လုပ်၊ ဘာပဲြဖစ်ဖြစ်၊ "သွန်း"ဘက်က မတောင်းဆိုလာသမျှ ဘာကိုမှမလုပ်ပေးဖြစ်ပေ။
"သွန်း" ဘက်ကလည်း မိဘအပေါ်ကို စိတ်မှီခိုခြင်း အလျှင်းမရှိ။