Unicode
"Your're My Husband"
အပိုင်း(၁၃)။ ။
(၁)....🌻🌧
"ဂျိမ်း"
ည(၇)နာရီ။ ရာသီဥတုသည် မိုးသက်လေပြင်းများကျကာ လျှပ်စီးမိုးကြိုးများ ကြောက်မက်ဖွယ်ကောင်းအောင် ဖြစ်ပေါ်၏။ လျှပ်စစ်မီးလည်းပြတ်တောက်ကာ အိမ်အမှောင်ကြီးတွင် တစ်ယောက်တည်းနေနေရသူကား "သွန်း"ဖြစ်သည်။
"သွန်း"သည် ခါတိုင်းဆိုလျှင် မိုးသက်လေးပြင်းသံကိုမဆိုထားနှင့် အမှောင်ကိုတောင် လုံးဝမတုန်လှုပ်ပေ။ ယခုကား ဘဝတွင် ထိတ်လန့်စရာအဖြစ်အပျက်များကို များစွာ ကြုံခဲ့ရလို့လား၊ ဘယ်အရာကိုဖြစ်ဖြစ် အလွန်ကြောက်ရွံတုန်လှုပ်လာ၏။
"ဂျိမ်း"
မိုးတစ်ခါချိန်းတိုင်း အခန်းထဲကို လျှပ်တစ်ပြက်ဖြာဝင်လာသော အလင်းကို ယခု သေလုမတတ်ကြောက်နေရ၏။ ခေါင်းထဲတွင် အရင်ကအဖြစ်အပျက်ဆိုးများလည်း နှိပ်စက်လာ၏။ လူတိုင်းက ကိုယ့်အပေါ် ယုတ်မာခဲ့သလား၊ ကိုယ်ကပဲ လူတိုင်းကို ယုတ်မာခဲ့သလား။ ပြန်တွေးမိတိုင်း ငရဲလိုပင် ခံစားနေရ၏။
ထို့ကြောင့် အိပ်ရာပေါ်တွင်တောင် မနေနိုင်တော့ဘဲ အခန်း၏နံရံထောင့်တစ်နေရာတွင် ကုတ်ကုတ်လေးထိုင်နေမိရင်း ငိုနေရ၏။
"ဒုန်း ဒုန်း"
အခန်းရှေ့တွင် ကြမ်းတမ်းသော တံခါးထုရိုက်သံနှစ်ချက်ထွက်လာ၏။
"သွန်း"သည် ကြောက်ကြောက်လန့်လန့် ဆက်ခနဲထလိုက်သည်။
"ဒုန်း"
ထုရိုက်သံနောက်တစ်ချက်။ မည်သူဖြစ်မည်နည်း။ "လင်းနေခြည်"ဆိုလျှင် တံခါးကိုထုရိုက်နေမည်မဟုတ်။
"သွန်း"သည် တံခါးအနားသို့ခပ်မြန်မြန်လျှောက်သွားလိုက်ကာ...
"လင်း၊ နင်လား"
"သွန်း..."
တစ်ဖက်ကနေ တုံ့ပြန်လာသောအသံမှာ "လင်းနေခြည်"ပင်။ သို့သော် အသံမှာပုံမှန်မဟုတ်၊ မူးနေသည့်ပုံပင်။
"သွန်း...ကိုယ်ပါဟာ၊ ကိုယ်ဝင်လာပါရစေလား"
"ဒုန်း ဒုန်း ဒုန်း"