(Unicode)"You're My Husband"
အပိုင်း(၆)။ ။
(၁)....🌧🌻
ည(၆)နာရီ။
"မမသွန်း"
"ပန်းချစ်စု"သည် အိမ်ထဲကို ဝင်လာသည်နှင့် "လင်းနေခြည်"နှင့်ဆုံ၏။
"ကိုကို၊ မမသွန်း ဘယ်မှာလဲ"
"အခန်းထဲမှာဖြစ်မယ်၊ မွေးနေ့ပွဲသွားမလို့လား"
"အင်းလေ၊ မနက်က မမသွန်းက သွားမယ်တဲ့"
"အင်း ဝင်သွားကြည့်လိုက်လေ"
"ဟုတ် ကိုကို"
"ပန်းချစ်စု"သည် ဝတ်ထားသော ပန်းဆီရောင် ဒူးအထက်ဂါဝန်နှင့်ချစ်စရာကောင်းအောင် အပေါ်ထပ်သို့ အပြေးတက်သွား၏။ "သွန်း"၏အခန်းရှေ့ရောက်သည်နှင့်...
"ဒေါက် ဒေါက်"
"မမသွန်း ရှိလားရှင့်"
"ဝင်လာခဲ့လေ"
အခန်းထဲကနေ "သွန်း"၏ချိုသာသော အသံကိုကြားလာရ၏။ အခန်းထဲကိုဝင်သွားလိုက်သောအခါ...
"ဟင်...မမသွန်း"
မျက်လုံးများ အရောင်တောက်သွားကာ အံသြနေမှုက ပါးစပ်ကိုတောင် ပြန်မစေ့မိတော့ပေ။
အရောင်တောက်တောက်ဖြစ်သော ကြက်သွေးရောင် လက်ကြိုးတစ်လုံးအသားကပ်ဂါဝန်ရှည်ကြီးကိုမှ ပေါင်တစ်ဖက်တွင်ဘေးခွဲ၊ ထောက်ဖိနပ်လည်း အရောင်တူပင် ပြောင်လက်စွာ၊ မျက်နှာပေါ်ခြယ်သထားသည်မှာလည်း အရောင်တူသေးသည့်အပြင် လက်ဝတ်ရတနာကအစပင်မို့ တစ်ကိုယ်လုံး ကြက်သွေးရောင်နှင့်လိုက်ဖက်နေ
သည်မှာ ရက်စက်လွန်းလှသော အလှပင်ဟု ကြာရှည်မငေးကြည့်နိုင်လောက်အောင်ပင်။
နက်မှောင်ပြီးဖြောင့်စင်းသောတင်ပါးအထိဆံပင်ရှည်နှင့်ဝင်းပနေသောအသားအရည်ကပင် ပေါင်းစပ်ထားသည်မို့ မထိရက်စရာ ကြွေရုပ်တစ်ရုပ်လိုပင်။"မမသွန်း၊ မမသွန်း ဝေါင်း...လှလိုက်တာ ဟာ ဘယ်လိုပြောရမှန်းမသိတော့ဘူး၊ မမသွန်းရဲ့အလှကို ဘယ်လိုတင်စားရမလဲတောင် မသိဘူး"
"သွန်း"သည် မှန်တင်ခုံရှေ့တွင် ထိုင်နေကာ ပုခုံးတစ်ဖက်ပေါ်သို့ချထားသောဆံပင်ရှည်ကို ဘီးဖြင့်အသာအယာဖြီးသပ်ရင်း အေးစက်စွာ ပြုံးလိုက်သည်။