(Unicode)
"You're My Husband"
(ဇာတ်သိမ်းပိုင်း)။ ။
(၁)....🌧🌻
"ဘယ်သူရှိနေလဲ"
"သွန်း"သည် အဖြူရောင်အလင်းပြင်ကျယ်ကြီးထဲတွင် တစ်ယောက်တည်းလမ်းပျောက်နေလေ၏။ သည်နေရာကို ဘယ်လိုရောက်လာမှန်းလည်းမသိပေ။ ဘယ်နေရာကိုကြည့်ကြည့်၊ အဖြူရောင်အလင်းပြင်ကျယ်ကြီးက အဆုံးရှိမနေပေ။ သို့သော်...
"ဟင်"
အဝေးဆုံးမှ အဝေးတကာအဆုံးတွင် ကျောခိုင်းပြီးရပ်နေသော လူတစ်ယောက်ကိုမြင်လိုက်ရသည်။ ထိုလူသည် ယောက်ျားတစ်ဦးနှင့်တူကာ လူ့ခန္ဓာကိုယ်လိုဟုတ်မနေဘဲ အမည်းရောင်အရိပ်ဖြစ်နေ၏။ ငြိမ်နေ၏။
"သွန်း"သည် ကြောက်မိသွားသော်လည်း ထိုလူအရိပ်မည်းရှိရာကို ခြေလှမ်းသွားမိသည်။
"ဘယ်သူလဲ"
မေးပြီး ဆက်သွားရင်းမှ ထိုလူအရိပ်မည်းက ပိုပြီးဝေးသထက် ဝေးလာသလိုပင်။
"ဘယ်သူလဲ၊ ရှင်မထွက်သွားနဲ့လေ"
ပိုဝေးသွားသော ထိုလူအရိပ်မည်းနောက်သို့ပြေးလိုက်မိတော့သည်။
"မသွားနဲ့၊ မသွားနဲ့လေ၊ မထွက်သွားနဲ့"
ပြေးလိုက်နေသော ခြေလှမ်းများ ရပ်မိလိုက်ခြင်းပင် အဝေးက လူ့အရိပ်မည်းသည် တဖြည်းဖြည်းနှင့် မြူမှုန့်စလိုပင် လွင့်မျောကာ ပျောက်ကွယ်သွားလေ၏။
(၂)....🌧🌻
လေးလံနေခဲ့သော "သွန်း" မျက်လုံးများသည် ဖြည်းဖြည်းချင်းဖွင့်ဟလာသည်။ ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ်စက္ကန့်ကိုရောက်နေမှန်းမသိပေ။ ထူးဆန်းသော အိပ်မက်တစ်ခုကိုမက်ခဲ့သည်ထင်၏။ သို့သော်လည်း ထိုအိပ်မက်သည် ဝိုးတဝါး၊ မမှတ်မိပေ။
အရင်ဆုံး နှလုံးသားက တမ်းတလာမိသည်မှာ "လင်းနေခြည်"ကိုပင်။
ခြောက်ကပ်နေသော အာခေါင်ကို တံတွေးဖြင့်မျောချလိုက်ရင်းမှ...
"လင်း"
ထိုသို့ ရေရွတ်ခေါ်မိလိုက်ခြင်းပင်...
"သွန်း၊ သွန်း မင်းသတိရလာပြီ၊ သွန်း"
စိုးရိမ်ထိတ်လန့်မှုအပြည့်ဖြင့် ခေါ်လာနေသော "လင်းနေခြည်"၏အသံကိုကြားရလေ၏။