(Unicode)
"You're My Husband"
အပိုင်း(၅)။ ။
(၁)....🌧🌻
"သွန်း" တစ်နေ့လုံး စိတ်ပင်ပန်းခဲ့ရသမျှ ညနေစောင်းမှ ရေချိုးပြီး၍ အခန်းထဲတွင် စိတ်သက်သာရတော့သည်။ ဒီလိုခံစားချက်မျိုးကိုလည်း နေသားကျနေပါပြီ။ နာကျင်လိုက် အဆင်ပြေလိုက်ပါပဲ။
မှန်တင်ခုံရှေ့တွင် ထိုင်ရင်း ပုခုံးတစ်ဖက်ပေါ်သို့ချထားသော ဆံပင်ရှည်ကို လက်ချောင်းများဖြင့်သာ ဖြီးသပ်၏။ခပ်လေးလေးသက်ပြင်းကိုတစ်ခါချလိုက်ရင်း ပြုံး၏။ သည်ဆံပင်ကို "လင်းနေခြည်" သာ တယုတယနမ်းရှိုက်လာခဲ့ပါလျှင်၊ ရှေ့ တစ်ဘဝလုံးကို အသက်မရှင်ရလည်း လုံလောက်ပါပြီ။
"ဒေါက် ဒေါက်"
တံခါး နှစ်ချက်ခေါက်သံကြောင့် ဆံပင်ကို ခေါင်းစည်းရိုးဖြင့် ရိုးရိုးလေးစည်းလိုက်သည်။ တံခါးကို အမြန်သွားဖွင့်သော် "လင်းနေခြည်"ကို မြင်လေ၏။
"လင်း"
"မင်း"
"လင်းနေခြည်" တုံ့ဆိုင်းသွား၏။ အနက်ရောင်ဖြစ်သောလက်ကြိုးတစ်လုံး ပိုးသားညအိပ်ဂါဝန်ရှည်အောက်က "သွန်း"၏ဖြူဖြူဖွေးဖွေးအသားအရည်နှင့်ခန္ဓာကိုယ်လေးမှာ တောက်ပနေသော ကြွေတစ်ချပ်လိုပင်။ မတော်တဆများထိကိုင်မှားမိလျှင် ကျကွဲသွားမလားဟုစိုးရိမ်စရာ။
"လင်း"
"သွန်း" ခေါ်လိုက်မှ "လင်းနေခြည်" သတိပြန်သွင်းကာ လက်က ဖိတ်စာတစ်ခုကို ထုတ်ပေးလိုက်သည်။
"ဒါက ဘာလဲဟင်"
"ဖိတ်စာပဲ၊ ငါ့ဆီကိုရောက်လာတာ"
"နင့်အတွက်မဟုတ်လား"
"ငါ့နာမည်နဲ့မဟုတ်ဘူး၊ မင်းနာမည်နဲ့ဖိတ်ထားတဲ့ဖိတ်စာပဲ"
"သွန်း" ယူပြီး အမြန်ဖွင့်ဖတ်ကြည့်လိုက်သည်။
"မွေးနေ့ပါတီ တစ်ခုပဲ၊ အချိန်က မနက်ဖြန်ညပဲ၊ မွေးနေ့ရှင် နာမည်လည်းမပါဘူး၊ နင့်အတွက်လည်းမရဘူးလား"
"ရတယ်"
"ဟုတ်လား၊ ငါဒီလိုပွဲတွေမသွားချင်ပေမယ့် နင်သွားမယ်ဆိုရင် ငါလည်းသွားမယ် ငါတို့အတူသွားမယ်လေနော်"