part 100

1.9K 225 5
                                    

Unicode

အခန်း - ၁၀၀

ထိုစကားကို ကြားလိုက်သောအခါ လင်းကျဲ့၏နှုတ်ခမ်းထောင့်မှ လေကို မှုတ်ထုတ်လိုက်သည်။
“ခင်ဗျားတို့နှစ်ယောက်က ဘာစကားတွေပြောနေကြတာလဲ”
“မင်းက လူနှစ်ယောက်ကို ပြောလို့မရတာရှိလား”
ရှန်းချင်းဟန်ကမေးသည်။
လင်းကျဲ့သည် ဆွံ့အသွားသည်။  ထို့နောက် သူသည် ပါးစပ်ကိုပိတ်၍ ခေါင်းငုံ့လိုက်သည်။  သူ၏မျက်နှာသည် မှုန်မှိုင်းနေသည်။
“အမြဲတမ်းအဲ့ဒါကို တွေးမနေနဲ့၊ ဖန်းမိန်းကလေးနဲ့ငါက အမှုကိစ္စအကြောင်းပြောနေတာ၊ ငါတို့ချည်းပဲဆိုရင် တောင် ဘာမှဖြစ်လာမှာမဟုတ်ဘူး၊ အဲ့ဒါကြောင့် မင်းလျှောက်တွေးနေတာတွေကို ထားလိုက်တော့”
ရှန်းချင်းဟန်က သက်ပြင်းချပြီး ပြောသည်။
“အခု ဖန်းမိန်းကလေးနဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့အစီအစဉ်က ဘယ်လိုလဲ”
လင်းကျဲ့က မျက်မှောင်ကြုတ်သွားသည်။
“အမှုကိစ္စကို မဖြေရှင်းပြီးခင်အချိန်မှာတော့ သူက ဒီမှာနေရုံပဲရှိတယ်”
ရှန်းချင်းဟန်က လင်းကျဲ့ကို ကြည့်၍ ပြောသည်။
“ခင်ဗျား ဘာပဲလုပ်လုပ် ကျွန်တော့ကိစ္စမဟုတ်ဘူး”
လင်းကျဲ့၏ မျက်လုံးများသည် မှေးမိန်သွားပြီးနောက် သူသည် နောက်လှည့်ကာ အခန်းဆီသို့ လျှောက်လာခဲ့သည်။
ရှန်းချင်းဟန်သည် လင်းကျဲ့၏ကျောပြင်ကို ကြည့်လျက် သူ၏မျက်လုံးများသည် လေးလံလာသည်။
ခဏမျှကြာပြီးနောက် ကျန်းရန်သည် တံခါးကို တွန်းဖွင့်၍ အပြင်ထွက်လာသည်။
ရှန်းချင်းဟန်သည် ကျန်းရန်အား ဓါးတစ်လက်ကဲ့သို့ စူးရှသောအကြည့်ဖြင့် ကြည့်လိုက်သည်။
“ကျွန်တော်ခိုးနားထောင်ဖို့ မရည်ရွယ်ပါဘူး”
ကျန်းရန်က ကမန်းကတန်း ဖြေရှင်လိုက်သည်။
ထိုစကားကို ကြားသောအခါ ရှန်းချင်းဟန်က အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။
“သခင်လေး စိတ်ဆိုးသွားပုံပေါ်တယ်”
ကျန်းရန်သည် လင်းကျဲ့၏ပိတ်ထားသော အခန်းတံခါးကို ကြည့်ပြီးပြောသည်။
“ဘာဖြစ်ဖြစ်”
ရှန်းချင်းဟန်သည် အရာအားလုံးကို ဂရုမစိုက်သကဲ့သို့ လှည့်ထွက်သွားသည်။  အဝေးမှမြင်ကွင်းကိုကြည့်ပြီး ရှန်းချင်းဟန်၏ မျက်ခုံးများသည် ပြန်၍မဆန့်တန်းနိုင်တော့ပေ။
ကျန်းရန်သည် ရှန်းချင်းဟန်၏ ဥပက္ခာပြုသွားသော အပြုအမူကို ကြည့်၍ သက်ပြင်းမချဘဲမနေနိုင်ပေ။  သူ၏မင်းသားသည် သူ့စိတ်မှ လွတ်ထွက်နေသည်ကို သူမည်ကဲ့သို့ရှာနိုင်ပါမည်နည်း။
သူသည် ဖန်းရှောင်ရှောင်အား ချန်ထားခဲ့ရခြင်း၏ အကြောင်းရင်းသည် ကောင်းဖူက သူတို့ကိုအာရုံစိုက်နေပြီး ဖန်းရှောင်ရှောင်ကို ထုတ်ဖော်ပြသ၍ မရသောကြောင့်ဖြစ်သည်။  သို့သော် မင်းသားသည် ထိုအကြောင်းကို ရှင်းမပြ သောကြောင့် မင်းသားနှင့် မိဖုရားသည် တမင်တကာစိတ်ဆိုးနေသကဲ့သို့ဖြစ်နေသည်။
ထိုအရာသည် ကလေးများ ရန်ဖြစ်သကဲ့သို့ ဖြစ်နေသည်။
ကျန်းရန်၏ နှလုံးသားထဲမှ စကားတစ်ခွန်း ထွက်လာခဲ့သည်။
လင်းကျဲ့သည် အခန်းသို့ ပြန်ရောက်ရောက်ချင်းမှာပင် သူသည် အိပ်ရာပေါ်တွင်လဲလျောင်းနေသည်။  သူသည် အလွန်အမင်း စိတ်ဓါတ်ကျနေသောကြောင့် စောင်ကို ခေါင်းမြီးခြုံထားလိုက်သည်။
မည်သည့်အတွက်ကြောင့်မှန်းမသိဘဲ ရင်ဘက်ထဲတွင်တင်းကြပ်နေပြီး ခံစားချက်သည်လည်း နားမလည်နိုင်ဖွယ် ဒေါသများထွက်နေသည်။
မည်သည်အချိန်ထိကြာသည်မသိနိုင်သည်အထိ လင်းကျဲ့သည် ရင်ဘက်ထဲတွင်တင်းကြပ်နေဆဲဖြစ်သောကြောင့် သူသည် အိပ်ရာမှထပြီးနောက် တံခါးကိုဖွင့်၍ ထွက်လာခဲ့သည်။
ထိုအချိန်တွင် မှောင်နေပြီဖြစ်ပြီး လင်းကျဲ့က ငြီးငွေ့နေသည်။  သူသည် စင်္ကြြန်လမ်းတွင်ရပ်နေပြီး အောက်မှ မြင်ကွင်းကို ငေးကြည့်နေသည်။  သူသည် အရိပ်များကိုသာမြင်နေပြီးမျက်လုံးများသည်လည်း အနည်းငယ်မှေး နေသည်။
ထို့နောက် လင်းကျဲ့သည် အကြည့်များကို ပြန်ရုတ်သိမ်းလိုက်ပြီး နောက်လှည့်လာသည်။  သူ၏မျက်လုံးများမှာ တည်ငြိမ်နေသည်။
ခဏမျှကြာပြီးနောက် ကျန်းရန်ရောက်လာသည်။
“သခင်လေးနိုးပြီးလား”
ကျန်းရန်က ပြုံးပြသည်။
“အင်း”
လင်းကျန်းသည် မျက်လုံးထောင့်မှ အောက်ထပ်ကို ကြည့်နေပြီးနောက် တိုးတိုးပြောသည်။ 
“ငါတို့ စောင့်ကြည့်ခံနေရတာလား”
“သခင်လေးသိသွားပြီလား”
ကျန်းရန်က အံသြသွားသည်။
“ငါ ဒီနှစ်ရက်မှာ တစ်ခုခု မှားယွင်းနေတယ်လို့ ခံစားနေရတာ၊ စောင့်ကြည့်ခံနေရတယ်လို့ ထင်မထားမိဘူး”
လင်းကျဲ့က မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။  စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် နေထိုင်ရသော ခံစားချက်သည် မဆိုးပေ။
“သခင်လေး၊ မစိုးရိမ်ပါနဲ့၊ ဂရုစိုက်နေရုံပါပဲ”
ကျန်းရန်က ပြုံးလိုက်သည်။
“ဒီလိုမျိုးစောင့်ကြည့်တာက နည်းလမ်းတော့မကျဘူး”
လင်းကျဲ့က မေးစေ့ကိုထိ၍ ရေရွတ်လိုက်သည်။
“ရှန်းချင်းဟန်ရော၊ ဖန်းမိန်းကလေး အခန်းထဲမှာပဲ ရှိနေသေးတာလား”
လင်းကျဲ့က တစ်စုံတစ်ခုကို တွေးမိလိုက်ပြီးပြောသည်။
“ဖန်းမိန်းကလေးက မင်းသားအတွက် တစ်ခုခုရှာဖို့ ရှိတယ်လို့ပြောပါတယ်’
ကျန်းရန်က ခေါင်းညိတ်လိုက်သည်။
“အိုး”
လင်းကျဲ့က ဖန်းရှောင်ရှောင်၏ အခန်းဆီသို့ လှမ်းသွားခဲ့သည်။
ကျန်းရန်က တားလိုက်သောအခါ လင်းကျဲ့သည် အခန်းတံခါးကိုဖွင့်၍ ဝင်သွားခဲ့ပြီးဖြစ်သည်။
ထိုအချိန်တွင် အခန်းထဲ၌ ဖန်းရှောင်ရှောင်နှင့် ရှန်းချင်းဟန်တို့သည် စားပွဲရှေ့တွင်ထိုင်နေသည်။  သူတို့သည် မူလ က ဝေးကွာစွာထိုင်နေကြသည်။  သို့သော် ဖန်းရှောင်ရှောင်သည် လင်းကျဲ့အား မြင်လိုက်သောအခါ သူမသည် ချက်ချင်းပင်ဖြူဖျော့သွားပြီး ရှန်းချင်းဟန်၏ နောက်တွင်ပုန်းလိုက်သည်။ 
ထိုမြင်ကွင်းကိုမြင်သောအခါ လင်းကျဲ့၏ မျက်ခုံးများသည် မြင့်တက်သွားသည်။
“ဘာကိစ်စလဲ”
ရှန်းချင်းဟန်သည် လက်ထဲတွင် တစ်စုံတစ်ခုကို ကိုင်ထားသည်။  သူသည် လင်းကျဲ့ဝင်လာသည်ကို မြင်သောအခါ ထိုအရာအား အောက်ချလိုက်သည်။
“ဘာမှမဟုတ်ဘူး”
လင်းကျဲ့က ပြုံးလိုက်သည်။
“မင်းပြောစရာရှိရင် ပြောလေ”
ရှန်းချင်းဟန်က လင်းကျဲ့ကို ကြည့်၍ပြောသည်။
“ဒါမှမဟုတ် ခင်ဗျားကျွန်တော့်ကိုသိလား”
လင်းကျဲ့သည် ဖြူဖွေးသော သွားများပေါ်အောင် ပြုံးလိုက်သည်။  ထို့နောက် သူသည် ဖန်းရှောင်ရှောင်ကိုကြည့်၍ ပြောသည်။
“ကျွန်တော်အပြင်သွားချင်တယ်၊ ကျွန်တော်နဲ့လိုက်ခဲ့”
“ငါလုပ်စရာရှိသေးတယ်၊ ပြီးတော့ အပြင်သွားဖို့ နောက်ကျနေပြီ၊ မလုံခြုံဘူး”
ရှန်းချင်းဟန်၏ အသံသည် ကြည်လင်ပြတ်သားနေသည်။
“ကောင်းပြီ၊ ကျွန်တော်တစ်ယောက်တည်း သွားမယ်”
လင်းကျဲ့က သက်ပြင်းချ၍ လှည့်ထွက်လာသည်။
“ရပ်စမ်း”
လင်းကျဲ့က ခြေလှမ်းအနည်းငယ်မျှ မလှမ်းနိုင်ခင်မှာပင် ရှန်းချင်းဟန်က တားလိုက်သည်။
လင်းကျဲ့က ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး အောင်မြင်စွာ ပြုံးလိုက်သည်။
“ဖန်းမိန်းကလေး၊ မနက်ဖြန်မှ ပြောတာပိုကောင်းပါတယ်၊ ဒီနေ့တော့ အဆင်မပြေဘူး”
ရှန်းချင်းဟန်က ထရပ်လိုက်ပြီး ဖန်းရှောင်ရှောင်ကို ပြောသည်။
“ဟုတ်ကဲ့၊ ကောင်းပါပြီ”
ဖန်းရှောင်ရှောင်က ခေါင်းညိတ်လိုက်သည်။
ရှန်းချင်းဟန်သည် လင်းကျဲ့၏ နံဘေးသို့ သွားလိုက်သည်။  လင်းကျဲ့သည် ချက်ချင်းပင် ရှန်းချင်းဟန်ကို ဖက်၍ ရယ်လိုက်သည်။
“ရှန်းချင်းဟန် ခင်ဗျားက အကောင်းဆုံးဆိုတာ ကျွန်တော်သိတယ်”
“တော်စမ်း”
လင်းကျဲ့၏ စိတ်အားထက်သန်မှုနှင့် ကွာခြားစွာပင် ရှန်းချင်းဟန်သည် အေးစက်နေသည်။
“ကျွန်တော်သိပြီ”
လင်းကျဲ့က ပါးစပ်ပိတ်လိုက်သော်လည်း သူသည် စိတ်မဆိုးပေ။  သူသည် တောက်ပစွာပြုံးနေဆဲဖြစ်သည်။
“ဖန်းမိန်းကလေး၊စောစောအနားယူလိုက်ပါ”
ကျန်းရန်က ပြုံးပြပြီးနောက် တံခါးပိတ်လိုက်သည်။
လင်းကျဲ့နှင့် ရှန်းချင်းဟန်သည် တည်းခိုခန်းအပြင်ဘက်သို့လျှောက်လာကြသည်။  သူတို့ အပြင်သို့ထွက်လာသည် နှင့်တပြိုင်နက် သူတို့၏နောက်မှ ခြေသံများကို ကြားလိုက်ရသည်။
“မင်း အကြောင်းရင်းမရှိပဲ ဘာ့ကြောင့် အပြင်ထွက်လာတာလဲ”
ရှန်းချင်းဟန်က အမူအရာကင်းမဲ့နေသည်။
“ဟုတ်တာပေါ့၊ လျှို့ဝှက်ထားတဲ့ အကြောင်းရင်းရှိတယ်လေ၊ ဘာလို့ ကျွန်တော်က လမ်းလျှောက်ရုံထွက်လာမှာလဲ”
လင်းကျဲ့က ပြောသည်။
“အင်း?”
ရှန်းချင်းဟန်က ရပ်လိုက်သည်။
လင်းကျဲ့က ရုတ်တရက် ရယ်မောလိုက်ပြီး ရှန်းချင်းဟန်ကို ထူးဆန်းစွာပြောသည်။
“ရှန်းချင်းဟန် ကျွန်တော်တို့ ဘာကြောင့်မယှဉ်ပြိုင်တာလဲ”
“ဘာ?”
ရှန်းချင်းဟန်က နားမလည်ပေ။
“ကျွန်တော်တို့ နောက်ကလူကို ဘယ်သူက မြန်မြန် ဖယ်ရှားနိုင်မှာလဲဆိုတာ ကြည့်ကြတာပေါ့၊ ရှုံးတဲ့သူက နိုင်တဲ့သူကို ကတိတစ်ခုပေးရမယ်”
လင်းကျဲ့၏ လက်ချောင်းများက လိမ္မာပါးနပ်စွာဖြင့် နောက်ကိုညွှန်ပြလိုက်သည်။
“မင်းကိုယ့်ကိုယ်ကို အရူးမလုပ်စမ်းနဲ့”
ထိုစကားကို ကြားသောအခါ ရှန်းချင်းဟန်က ချက်ချင်းမျက်မှောင်ကြုတ်သွားသည်။
“ကျွန်တော် တစ် နှစ် သုံး ရေမယ်၊ တစ်   နှစ်…..”
လင်းကျဲ့သည် ရှေ့မှဘယ်ညာလမ်းနှစ်လမ်းကို ကြည့်လိုက်သည်။  သို့သော် သူသည် သုံးကိုမရေတွက်ခင်မှာပင် လင်းကျဲ့က ဘယ်ဘက်လမ်းထဲသို့ ဝင်သွားသည်။
နောက်မှခြေလှမ်း၏ အရေးတကြီးပြောင်းလဲမှုကို ခံစားလိုက်ရသောကြောင့် ရှန်းချင်းဟန်သည် အခြားလမ်းထဲသို့ လျှောက်သွားရုံမှလွဲ၍ ရွေးချယ်စရာမရှိပေ။
“မင်းမှာအစွမ်းအစရှိရင် ငါ့ကိုမိအောင်ဖမ်းစမ်းပါ”
လင်းကျဲ့က ပြုံးလိုက်ပြီးနောက် အရှိန်မြှင့်လိုက်သည်။  သူသည်လူစည်ကားသော လမ်းကိုဖြတ်လျှောက်ခဲ့ပြီး နောက်ဆုံးတွင် လူသူကင်းမဲ့သော လမ်းထဲသို့လျှောက်လာခဲ့သည်။  နောက်မှလူသည် သူ့ကို လိုက်ဖမ်းနေ သည်။  ထိုသူသည် သူ့အားကျော်သွားသောအခါ လင်းကျဲ့က နံရံနောက်မှ ထွက်လာခဲ့သည်။
“အရူး”
လင်းကျဲ့က အကြည့်လွှဲလိုက်ပြီးနောက် အဝတ်အစားများကို သပ်ရပ်စေရန်ပြုပြင်လိုက်ပြီး သီချင်းဆိုလျက် ထွက်သွားသည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားDonde viven las historias. Descúbrelo ahora